The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ဦးဆောင်ဂိုးကို ခွင့်မပြုပေးသင့်ဘူးလို့ ဆိုလာတဲ့ ဖူလ်ဟမ်နောက်ခံလူဘတ်ဆေး

ကယ်လ်ဗင်ဘတ်ဆေးက ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်ဦးဆောင်ဂိုးသွင်းယူချိန် ယိုရိုကိုယ်တိုင် သူ့ကိုပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဒီသွင်းဂိုးကို ခွင့်မပြုပေးသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ 

မူနစ်ခ်ရဲ့ O.G ကြောင့် သရဲနီတို့ ပွဲစဉ်ကိုဦးဆောင်နိုင်ခဲ့ပြီး အိမ်ရှင်တွေကလည်း နောက်မှလိုက်ကစားကာ လူစားဝင်ကစားသမားစမစ်ရိုရဲ့ချေပဂိုးနဲ့အတူ သရေတစ်မှတ်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ အမ်ဘွေမိုရဲ့ထောင့်ကန်ဘောပေးပို့မှုမှတဆင့် ယိုရိုခေါင်းတိုက်အဆုံးသတ်ရာ မူနစ်ခ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အိမ်ရှင်အသင်းဘက်ကတော့ ဘောလုံးရရှိဖို့ အပြိုင်ခေါင်းခုန်တိုက်ချိန် ဘတ်ဆေးရဲ့နောက်ကျောကို ယိုရို တွန်းထားခဲ့တယ်ဆိုပြီး ဒီသွင်းဂိုးကိုခွင့်မပြုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘတ်ဆေးက အစောပိုင်းမှာလည်း အမှားတစ်ခုကျူးလွန်မိပြီး ယူနိုက်တက်အတွက် ပယ်နယ်တီအခွင့်အရေး တစ်ကြိမ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီပယ်နယ်တီကို ဘရူနိုဖာနန်ဒက်ဇ်အသုံးမချနိုင်လို့ ယူနိုက်တက်တို့ အဖွင့်ဂိုးမရရှိခဲ့ပါဘူး။ တစ်ဖက်တစ်ဂိုးစီသရေရလဒ်နဲ့အတူ ပွဲစဉ်ပြီးဆုံးသွားပြီးနောက် နိုင်ဂျီးရီးယားနောက်ခံလူက ယူနိုက်တက်ရဲ့အဖွင့်ဂိုးမတိုင်ခင် ယိုရိုကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တစ်ခုကြောင့် သွင်းဂိုးကို ခွင့်မပြုပေးသင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဖူလ်ဟမ်ကြယ်ပွင့်က “ ဒီလိုအနေအထားမှာ ကျွန်တော့်အတွက် ဘောလုံးယှဉ်လုဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါက ယိုရိုအတွက်တော့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားပါတယ်။ ဒီသွင်းဂိုးကို ခွင့်မပြုသင့်ပါဘူး။ ဒိုင်လူကြီးသာ ဒီဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်ကစားသမားတွေ စိတ်ပျက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း မပြောချင်ပါဘူး။ ထပ်ပြောရင် ကျွန်တော် ဒဏ်ရိုက်ခံရပါလိမ့်မယ်။

ဒါက ပြစ်ဒဏ်ဘောပါ။ ဘောလုံးရယူဖို့ အမြင့်ခုန်လိုက်ချိန်မှာ နည်းနည်းလေးတွန်းလိုက်မယ်ဆိုရင်တောင် ဟန်ချက်ပျက်သွားနိုင်ပါတယ်။ ကွင်းလယ်ဒိုင်က ကျွန်တော်နဲ့ စကားလာမပြောဘဲ ကျွန်တော်တို့အသင်းကပ္ပတိန်နဲ့သာ စကားသွားပြောခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် ဘာလုပ်ပေးနိုင်မှာလဲ? ခုန်နေရုံပဲ တက်နိုင်မှာပေါ့။ ဒီလိုအနေအထားမှာ ကျွန်တော့်အတွက် ဘောလုံးယှဉ်လုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ နိုင်ပွဲမရရှိသေးတဲ့ အာမိုရင်ရဲ့အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့၊ ကာရာဘောင်းဖလား(ဒုတိယအဆင့်)ပွဲစဉ်အဖြစ် ဂရင်းစဘီတောင်းနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။