
ယူနိုက်တက်အတွက် သွင်းဂိုး ၁၀၀ ပြည့်အောင်သွင်းနိုင်ခဲ့လို့ ဂုဏ်ယူကြောင်းပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ စနေနေ့ညက ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပွဲအပြီးမှာတော့ ဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုနိုင်ပွဲဟာ ဒီရာသီယူနိုက်တက်ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့က အသင်းအတွက် ဂိုးတွေကိုသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးကို ပွဲအစမှာပဲ ကစားသမား ၁ ယောက်အသာနဲ့ ကစားခဲ့ရတာဖြစ်လို့ ဦးဆောင်ဂိုး ၂ ဂိုးစောစောစီးစီးရရှိခဲ့ပြီး ဒုတိယပိုင်းတစ်ယောက်လျော့သွားချိန်မှ ချေပဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က "စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အရေးကြီးဆုံးက အသင်းနိုင်ဖို့ပါပဲ။ ကျွန်တော်တို့ အမှတ်တွေကို လိုချင်တဲ့ပုံစံအတိုင်း ဘယ်တော့မှမရခဲ့ပါဘူး။ ပွဲပြီးကာနီးမှာ ကျွန်တော်တို့ ကောင်းကောင်းခုခံကာကွယ်နိုင်ခဲ့ပြီး သူတို့ရဲ့ဖြတ်တင်ဘောတွေကို ဟန့်တားဖြတ်ထုတ်နိုင်ခဲ့ပါတယ်"
"ချဲလ်ဆီးဆီကနေ အနီကတ်ရခဲ့တာလည်း ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါပဲ။ ဘင်ဂျမင်ဆက်စ်ကိုနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ရဲ့ ကြိုးစားမှုကြောင့် ကျွန်တော်တို့ ဆုပြန်ရခဲ့ဝာာပါ။ ကျွန်တော်တို့ဘက်က အနီကတ်ပြသခံခဲ့ရပေမယ့် အခြေအနေက လုံးဝမပြောင်းခဲ့ပါဘူး။ သူတို့ရဲ့ တောင်ပံကို ဘောလုံး ဖြန့်ခွင့်ပေးထားခဲ့ပြီး ဂိုးဧရိယာထဲရောက်မှ ထိန်းချုပ်ခဲ့ပါတယ်။ ဒီနေ့ အသင်းရဲ့ ခံစစ်စွမ်းရည်က အတော်လေးကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မြောက်မှာ ယူနိုက်တက်ကစားသမားဘဝ ပြိုင်ပွဲစုံ ဂိုး ၁၀၀ သွင်းနိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီလက်ရွေးစင်က "ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ကြီးမားတဲ့ သမိုင်းမှတ်တိုင် ၂ ခုပါ။ ဒီလိုမှတ်တမ်းတွေအပေါ်မှာတော့ ကျွန်တော်အာရုံစိုက်မထားပါဘူး။ ကျွန်တော်အာရုံစိုက်တာ နောက်ပွဲအတွက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ ၂၉၆ ပွဲအထိကစားထားပြီး ၁၀၀ ဂိုးသွင်းယူထားတာကြောင့် ၃ ပွဲမှာ ၁ ဂိုးနှုန်းသွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့်အပတ် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖာနန်ဒက်စ်အနေနဲ့ ဂိုးတွေဆက်သွင်းနိုင်မလား စောင့်ကြည့်ရပါမယ်။