The network connection is lost.

Banner Image

တိုက်စစ်အတွက် ဆီဗီလာက အန်နီဆီရီနှင့် ကိုရင်သီယန်ကြယ်ပွင့် ယူရီအယ်လ်ဘာတိုတို့ကို ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းဟာ မိုဟာမက်ကူဒက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ကိုရင်သီယန်မှ ယူရီအယ်လ်ဘာတိုနှင့် ဆီဗီလာမှ ယူဆက်ဖ် အန်နီဆီရီတို့ကို ပစ်မှတ်ထားနေကာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့အတွက် ဈေးကွက်တွင် ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီကလန်ရိုက်စ်ကို အာဆင်နယ်သို့ ပေါင် ၁၀၅ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ဝက်စ်ဟမ်းပိုင်ရှင်ရဲ့ အိတ်ကပ်အတွင်း၌ ငွေကြေးများစွာရှိနေတာဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့အသင်းဟာ မကြာသေးမီက အင်္ဂလန်ကွင်းလယ်ကစားသမား ဝက်ဒ်ပရောက်စ် (ပေါင်သန်း ၃၀)၊ အယ်လ်ဗာရက်ဇ် (ပေါင် ၃၅ သန်း) နှင့် ကူဒက်စ် (ပေါင် ၃၈ သန်း) တို့ကို ခေါ်ယူအားဖြည့်ထားတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ ကစားသမားသစ်ခေါ်ယူမှုက ဒီမှာတင် ရပ်တန့်သွားခြင်းမရှိဘဲ နောက်ထပ် ခေါ်ယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ရှိနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ မိုရိုကိုတိုက်စစ်မှူး အန်နီဆီရီနှင့် ဘရာဇီးတိုက်စစ်မှူး အယ်လ်ဘာတိုတို့ကို အန်တိုနီယိုအတွက် ပံ့ပိုးပေးမှုနှင့် ယှဉ်ပြိုင်ရှိစေရန် မျက်စိကျလျက်ရှိပါတယ်။

ဒေးဗစ်မိုယက်စ်မှာ အန်တိုနီယိုအတွက် အရန်ကစားသမားအဖြစ် ဒန်နီအင်းဂ်စ်နှင့် မူဘာမားတို့သာ ရှိနေပြီး ဒန်နီအင်းဂ်စ်က အဲဗာတန်သို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုများရှိနေတာကြောင့် အင်းအားဖြည့်တင်းဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အန်နီဆီရီဟာ လာလီဂါကလပ် ဆီဗီလာအတွက် ၁၅၉ ပွဲကစား ၅၅ ဂိုး သွင်းယူထားပြီး ကာတာကမ္ဘာ့ဖလားတွင် မော်ရိုကိုအတွက် ၂ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် ကတည်းက မော်ရိုကိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး နိုင်ငံတကာပွဲ ၆၁ ပွဲကစားထားကာ ၁၇ ဂိုးအထိ သွင်းယူထားပါတယ်။ အသက် ၂၂ နှစ်အရွယ် အယ်လ်ဘာတိုကတော့ လက်ရွေးစင်အသင်းအတွက် ၁ ပွဲ ကစားထားပြီး ဘရာဇီးကလပ်တွေဖြစ်တဲ့ အင်တာနေဆီယွန်နယ်နှင့် ကိုရင်သီယန်တို့အတွက် ၁၅၈ ပွဲကစားထားကာ ၅၂ ဂိုး သွင်းယူပေးထားပါတယ်။

အယ်လ်ဘာတိုဟာ ရုရှားကလပ် ဇင်းနစ်စိန့်ပီတာစဘတ်နှင့် ဥရောပတွင် အချိန်အတော်ကြာရှိခဲ့သော်လည်း ၁၆ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။