
ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အာတီတာရဲ့နည်းစနစ်ကို အံ့အားသင့်နေတဲ့ အီယန်ရိုက်
အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ရဲ့နည်းစနစ်ပိုင်းကို အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ကွာတားဖိုင်နယ်တုန်းက လက်ရှိချန်ပီယံရီးရဲလ်ကို ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး အခုလည်း ပီအက်စ်ဂျီကို ထပ်မံကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့် အိမ်ကွင်းမှာပဲ ဒမ်ဘီလီရဲ့တစ်လုံးတည်းသောဂိုးနဲ့ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ပီအက်စ်ဂျီက အာဆင်နယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အီယန်ရိုက်က အာဆင်နယ်ရဲ့နည်းစနစ်ကို အရမ်းအံ့အားသင့်နေပါတယ်။ “ကျွန်တော် အသင်းကိုအနုတ်လက္ခဏာဆောင်တာတွေမပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပွဲအစပိုင်းကို အံ့အားသင့်မိပါတယ်။ ကျွန်တော်အဲ့လိုမျိုးအစကို မမျှော်လင့်ပါဘူး။ အရိုးသားဆုံးပြောရရင် ပီအက်စ်ဂျီဘက်ကိုတောင် မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ဆန့်ကျင်ဘက်အနေအထားဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖိအားပေးသင့်တာပါ။ ဒါပေမယ့် အဲ့လိုမျိုးဖြစ်မလာခဲ့ပါဘူး။ အဲ့တာက စိတ်ပျက်မိတဲ့အရာပါ။ ကျွန်တော်တို့အစပိုင်းမှာ တော်တော်လေးဆိုးဝါးခဲ့ပြီး ပရိသတ်အားပေးမှုကလည်း တော်တော်ဆိုးဝါးခဲ့ပါတယ်။ အခုလိုမျိုးစတင်ခဲ့တာကို ကျွန်တော် တော်တော်လေးအံ့အားသင့်မိခဲ့ပါတယ်။ ပွဲအပြီး အာတီတာဆီကနေကြားရတာကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ဘာလို့လဲဆိုတော့ အစကတည်းက အဲ့လိုစကားမျိုးကြားချင်တာပါ။ ပီအက်စ်ဂျီလိုအသင်းက ကျွန်တော်တို့အိမ်ကွင်းထိလာပြီး ကျွန်တော်တို့ကစားသလို ကွင်းတစ်ဝက်လောက်အထိနေရာယူနေတာကို ကျွန်တော်မမြင်ချင်ပါဘူး”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ အခုနှစ်ချန်ပီယံလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး လီဗာပူး နဲ့ ဗီလာတို့ကို အနိုင်ကန်ထားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ မိနစ် ၉၀ သာလိုအပ်တော့တာဖြစ်ပါတယ်။ အီယန်ရိုက်ကတော့ အာဆင်နယ်အနေနဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
“၁-၀ ပဲဖြစ်ပေမယ့် ပီအက်စ်ဂျီက ပိုယုံကြည်မှုရှိနေပါတယ်။ ဒါပေမယ့် ဘယ်သူမှဆီမီးဖိုင်နယ်လိုပွဲမျိုးမှာ အချိန်ကော နေရာကောပေးမှာမဟုတ်ပါဘူး။ ပီအက်စ်ဂျီက ပွဲအစမိနစ် ၂၀ လောက်မှာတင် ပွဲကိုအဆုံးသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။ အာဆင်နယ်က အဲ့တာမျိုးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ အခုဆီမီးဖိုင်နယ်မှာဖြစ်သလို ဒါက ကျွန်တော်တို့ရာသီပါ။ လိဂ်ဖလားက ပြီးဆုံးခဲ့ပါပြီ။ အခုချန်ပီယံလိဂ်ပဲကျန်တော့တာပါ။ ဒါကြောင့် ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေမျှော်လင့်နေတာပါ။ ဘာလို့လဲဆိုတော့ အဲ့တာက လုပ်ကိုလုပ်ရမယ့်အရာပါ။ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒုတိယအကျော့မှာ ပြန်လာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ ရိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုအပတ်မှာ ဘုန်းမောက်နဲ့ကန်ရမှာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ ပီအက်စ်ဂျီနဲ့ဒုတိယအကျော့ကန်ရမှာဖြစ်ပါတယ်။