
ရီးရဲလ်မက်ဒရစ်ကို ပြုပြင်ပြောင်းလဲနေဆဲဖြစ်လို့ စိတ်ရှည်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ အလွန်ဆို
ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အယ်လ်ဟီလယ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျပြီးနောက် အလွန်ဆိုက သူဆန္ဒရှိတဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောဆိုကာ စိတ်ရှည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
မီယာမီရှိ Hard Rock Stadium မှာ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လူငယ်တိုက်စစ်မှူး ဂွန်ကာလိုဂါစီယာရဲ့ ပွဲချိန် ၃၄ မိနစ်ဦးဆောင်ဂိုးမတိုင်ခင် ရီးရဲလ်မက်ဒရစ်တို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ရူဘင်နီဗက်စ်က အယ်လ်ဟီလယ်အတွက် ချေပဂိုးကို ပယ်နယ်တီမှတဆင့် သွင်းယူသွားခဲ့ပြီး ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးရရှိစေမယ့် အခွင့်အလမ်းတစ်ရပ်အဖြစ် ဗယ်လ်ဗာဒီရဲ့ ပယ်နယ်တီကန်ချက်ကို ဂိုးသမားဘိုနူပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ အလွန်ဆိုရဲ့အသင်း အဖိုးတန်နိုင်ပွဲနဲ့ လွဲချော်သွားပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အလွန်ဆိုက “ ပထမပိုင်းထက် ဒုတိယပိုင်းမှာ ကစားပုံပိုကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်းက အရာအတော်များများ ပျောက်ဆုံးနေခဲ့ပြီး ဟန်ချက်ညီမှုလည်း မရှိခဲ့ပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ကစားသမားတွေနဲ့ ပြောခဲ့ပြီးပါပြီ။
အခုလိုတုံ့ပြန်မှု ကို သဘောကျပါတယ်။ ကျွန်တော်တို့ရဲ့ရစ်သမ်ကို ပြောင်းလဲနိုင်ခဲ့ပြီး ပွဲကို ပိုထိန်းချုပ်ကာ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ပိုမိုကစားနိုင်ခဲ့ပါတယ်။ ဒါက လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့အမြင်မျိုးနဲ့အတူ တိုးတက်လာအောင် ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။
အန်ဆယ်လော့တီလက်ထက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် တာဝန်ယူလာတဲ့ အလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံဆီ မထွက်ခွာလာခင် ဇွန် ၉ ရက်မှာသာ သူ့ရဲ့အသင်းလိုက်ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်နိုင်ခဲ့ပါတယ်။
အလွန်ဆိုက “ အချိန်ယူရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ပြောင်းလဲပစ်ရမယ့်အရာတွေလည်း ရှိပါတယ်။ ဒီအရာတွေကို ပြောင်းလဲပြင်ဆင်ရင်း ရှေ့ကိုဆက်သွားရပါမယ်။ ဘယ်အရာအတွက်မဆို အချိန်ပေးရပါတယ်။ အခု ကျွန်တော်တို့က ကိုးရက်တာကာလပဲ ရှိပါသေးတယ်။ အချို့ကစားသမားတွေဆိုရင် လေ့ကျင့်ရေးအစီအစဉ်သုံးခုလောက်ပဲ လုပ်ခဲ့ရပါတယ်။ ပြိုင်ပွဲတစ်ခုအတွက် တောင်းဆိုမှုရှိပေမယ့် ဆက်လက်လေ့လာသင်ယူရင်း ကိုယ်လုပ်ချင်တဲ့အရာတွေအတွက် အချိန်ယူသွားရပါလိ့မ်မယ်”လို့ ပြောပါတယ်။
အယ်လ်ဟီလယ်နဲ့ပွဲစဉ်ကို ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်ရဲ့ဂိုးသွင်းဘုရင်အမ်ဘာပေ အဖျားဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ လာမယ့်တနင်္ဂနွေနေ့၊ ပါချူကာနဲ့ပွဲစဉ်ကို အမ်ဘာပေ ပါဝင်ကစားနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အလွန်ဆိုက “ ကျွန်တော်တို့လည်း မသိသေးပါဘူး။ သူ ဘယ်လောက်အထိသက်သာလာပြီလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ရက်တုန်းကတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ဖျားနာနေခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။