
ချန်ပီယံလိဂ် အုပ်စုတက်နိုင်ဖို့အတွက် ရွိုင်ရယ်အန့်တ်ဝက်ပ်နှင့် ပွဲကို သတိထား ပြင်ဆင်နေကြောင်း ပြောကြားခဲ့တဲ့ ဇာဗီ
ဘာစီလိုနာအသင်းနည်းပြဖြစ်သူ ဇာဗီက ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှတက်ရန်သည် ၎င်း၏ ပထမပစ်မှတ်ဖြစ်ပြီး ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်မီ သတိကြီးစွာဖြင့်ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ရီးရဲလ်ဘက်တစ်ကို ၅-၀ ဖြင့် အနိုင်ရရှိထားသောကြောင့် ဘာစီလိုနာသည် အန့်တ်ဝက်ပ်နှင့်ကစားမည့် ချန်ပီယံလိဂ်အဖွင့်ပွဲ အတွက် ယုံကြည်မှု အပြည့်ရှိနေပါတယ်။ သို့သော်လည်း ဇာဗီသည် လွန်ခဲ့သည့် နှစ်ရာသီက အုပ်စုအဆင့်မှ မတက်လှမ်းခဲ့သော ကလပ်အသင်း၏ စံချိန်ကို အမှတ်ရနေသဖြင့် ဥရောပပွဲမတိုင်မီ သတိထားနေခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းနည်းပြဟာ သူ့အသင်းအတွက် အခြေခံပစ်မှတ်တစ်ခုသတ်မှတ်ထားပြီး ဒါဟာ ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ် မတိုင်ခင် သတင်းထောက်တွေကို ဇာဗီက "ကစားသမားတွေက အရမ်းစိတ်အားထက်သန်ပေမယ့် ကျွန်တော်တို့မှာ စွဲလမ်းမှုတော့ မရှိသင့်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို ထိန်းသိမ်းရပါမယ်။ အခုလက်ရှိ ရည်မှန်းချက်က အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ပါ။
ပြီးခဲ့တဲ့နှစ်က ဥရောပမှာ ကျွန်တော်တို့ ကစားပုံအရ ကောင်းခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရရှိခဲ့ပါဘူး။ အခုချိန်မှာတော့ ကျွန်တော်တို့ဟာ အားကောင်းလာခဲ့ပြီး အဲဒီအတွက် တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ပြသရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁-၂၂ တွင် ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်နှင့် ဘင်ဖီကာတို့နောက် တတိယနေရာမှ ပြီးဆုံးပြီးနောက် ၁၆ သင်း အဆင့်သို့ မတက်နိုင်ခဲ့ဘဲ ပြီးခဲ့သည့်ရာသီကလည်း အင်တာမီလန်နှင့် ဘိုင်ယန်တို့၏ နောက်တွင် ကျန်ခဲ့ပြီး အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယနေ့ညမှာ အန့်တ်ဝက်ပ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး စနေနေ့ မှာ လာလီဂါပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။