The network connection is lost.

Banner Image

ဥရောပအသင်းတွေက ဘောလုံးအရည်အသွေး အမြင့်ဆုံးဖြစ်တယ်လို့ ဖလာမင်ဂိုနည်းပြ ဝန်ခံ

တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၄-၂ နဲ့ရှုံးနိမ့်ပြီးနောက် ဖလာမင်ဂိုနည်းပြ ဖီလစ်ပီလူးဝစ်က ဥရောပဘောလုံးလောကဟာ ကမ္ဘာ့အရည်အသွေးအမြင့်ဆုံးဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘရာဇီးကလပ်ဖလာမင်ဂိုဟာ ပွဲအစ ၁၀ မိနစ်အတွင်း ဘိုင်ယန်မြူးနစ်ကို ၂ ဂိုးအထိခွင့်ပြုခဲ့ရပေမယ့် နောက်ကနေလိုက်ပြီး သွင်းဂိုး ၂ ဂိုးအထိပြန်လည်ရယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း ပွဲအပြီးမှာတော့ ၄-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကို ၁၆ သင်းအဆင့်နဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကတော့ နောက်တစ်ဆင့်မှာ ခက်ခဲတဲ့ပြိုင်ဘက် ပီအက်စ်ဂျီနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဥရောပကလပ်တွေဟာ ပြိုင်ပွဲအတွင်း အခြားအသင်းတွေကို အသာစီးရရှိမယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် ဘရာဇီးကလပ်တွေရဲ့ရုန်းအားကြောင့် အခက်အခဲတွေကြုံတွေ့ခဲ့ကြပါတယ်။ 

သို့သော်လည်း ဘိုင်ယန်မြူးနစ်ကတော့ ဥရောပဘောလုံးအဆင့်အတန်းကို ၁၆ သင်းအဆင့်မှာ ဆက်လက်ပြသနိုင်ခဲ့သလို၊ ချန်ပီလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီကလည်း အင်တာမီယာမီကို ၄ ဂိုးပြတ်သွင်းကာ ကွာတားဖိုင်နယ်အဆင့်သို့ သက်တောင့်သက်သာတက်လှမ်းခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ပြီးနောက် ဖီလစ်ပီလူးဝစ်က "ကျွန်တော်တို့ကို သူတို့ဖိအားပေးပြီးကစားတဲ့ပုံစံက အတော်လေးပြင်းထန်ပါတယ်။ ကစားသမား ၈ ယောက်ကနေ ၁၀ ယောက်အထိရှေ့ထိတက်ပြီး ဖိအားပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့အစီအစဉ်တွေ ဒီနေ့မှာအလုပ်ဖြစ်ခဲ့ပြီး ဂိုးသွင်းဖို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် သူတို့က ကျွန်တော်တို့ထက်ပိုကောင်းပါတယ်"

"ဒီနိုင်ပွဲက သူတို့နဲ့ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဘောလုံးအဆင့်အတန်းအမြင့်ဆုံးအသင်းတွေနဲ့ ကစားနေရတာပါ။ တကယ်လို့ ဗင်နီစီးယက်စ်သာ ရီးရဲလ်မက်ဒရစ်ကိုမပြောင်းခဲ့ရင်တော့ ကျွန်တော်တို့မှာ အကောင်းဆုံးကစားသမားတစ်ယောက်တော့ရှိနေဦးမှာပါ"

"ဒါပေမယ့် တောင်အမေရိက ကစားသမားတွေက အမြင့်ဆုံးဘောလုံးအဆင့်မှာကစားချင်ပြီး ဆုဖလားအောင်မြင်မှုတွေအတွက် ဥရောပကိုပဲ ထွက်ခွာသွားကြပါတယ်။ ဒါကြောင့် ဥရောပအသင်းတွေက ဘောလုံးလောကမှာ အရည်အသွေးအမြင့်ဆုံးဖြစ်နေတာပါ။ ကျွန်တော်တို့မှာ ဘရာဇီးကစားသမားတွေအများကြီးရှိပေမယ့် ဥရောပအသင်းတွေမှာ‌တော့ ပိုကောင်းတဲ့ဘရာဇီးသားတွေရှိနေပါတယ်။ ဒါကငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီကလည်း "ဘယ်ပြိုင်ပွဲမှာမဆို ကစားသမားတွေရဲ့အရည်အသွေးက အဓိကပါပဲ။ ဒါပေမယ့် ယုံကြည်မှုရှိဖို့ကလည်း လိုအပ်ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေက တောင်အမေရိကသားတွေများပါတယ်။ တောင်အမေရိကအသင်းတွေရဲ့ အသွေးအသားက ဘောလုံးနဲ့တည်ဆောက်ထားတာပါ" လို့ပြောကြားခဲ့ပါတယ်။