ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ ပတ်အထိ အနားယူရနိုင်တဲ့ အာဆင်နယ်နောက်ခံလူ မော့စကွီရာ
ဘရန့်ဖို့ဒ်ကို ၂-၀ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ ခရစ်စတီယန်မော့စကွီရာဟာ ခြောက်ပတ်အထိ အနားယူရနိုင်တဲ့အပေါ် အာဆင်နယ်အသင်းက စိုးရိမ်နေပါတယ်။
ဗုဒ္ဓဟူးနေ့က ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒီကလန်ရိုက်စ်ထက် ပိုမို ရှုပ်ထွေးတဲ့ဒဏ်ရာဖြစ်တာကြောင့် သောကြာနေ့မှာ နောက်ထပ်ဆေးစစ်မှုတွေ ပြုလုပ်ရဦးမယ်လို့ နည်းပြ မီကယ်အာတီတာက ပြောကြားခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် မော့စကွီရာဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ် ၄၁ မိနစ်မှာ ခေါင်းတိုက်ဖို့ခုန်ပြီး ဘယ်ခြေထောက်အကျမတော်ခဲ့ပုံရတာကြောင့် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ခံစစ်မှူးဟာ ထောင့်နင်းထောင့်နင်းဖြစ်နေပေမဲ့ အကူအညီမပါဘဲ ကွင်းထဲကနေ ထွက်သွားခဲ့ပြီး ဂျူရီယန်တင်ဘာနဲ့ လူစားလဲခဲ့ရပါတယ်။
စနေနေ့ Villa Park ခရီးစဉ်မတိုင်ခင် အာတီတာက "ရိုက်စ် အခြေအနေကို စောင့်ကြည့်ရပါဦးမယ်။ ညနေပိုင်းမှာ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုရှိပါတယ်။ နာရီတိုင်းဟာ အရေးပါနေပါပြီ။ မော့စကွီရာ (ခြေကျင်းဝတ်) က ပိုရှုပ်ထွေးပါတယ်။ ဒီနေ့ နောက်ထပ်စစ်ဆေးမှုတစ်ခု လုပ်ရပါဦးမယ်။ (ဝီလျံ) ဆာလီဘာနဲ့ (လီယန်ဒရို) ထရိုဆက်တို့ကတော့ ရက်အနည်းငယ်အတွင်း ပြန်လာနိုင်မှာပါ" လို့ ပြောကြားခဲ့ပါတယ်။
မော့စကွီရာရဲ့ ဒဏ်ရာအကြောင်း သိထားတဲ့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ရာမှာ စပိန်နောက်ခံလူက ခြောက်ပတ်အထိ အနားယူရနိုင်တယ်လို့ စိုးရိမ်နေကြကြောင်း The Athletic ကို ပြောခဲ့ပါတယ်။
အာတီတာက ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် ဆာလီဘာဟာ "အနည်းငယ်နာကျင်မှု" ရှိခဲ့ပြီး "ရက်အနည်းငယ်အတွင်း" ပြန်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။