ချဲလ်ဆီးရဲ့စံချိန်နဲ့ပတ်သက်လို့ အာဆင်နယ်ရဲ့အခြေအနေကို ခန့်မှန်းလိုက်တဲ့ စတားဟောင်း
အာဆင်နယ် နဲ့ ချဲလ်ဆီးစတားဟောင်း ပီတာချက်ကတော့ အာဆင်နယ်ရဲ့ခံစစ်စွမ်းဆောင်ရည်ကို သဘောကျနေပေမယ့် ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ဂိုးအနည်းဆုံးစံချိန်ကိုလိုက်မီနိုင်ဖို့တော့ လိုအပ်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အခုရာသီသစ်မှာအစကောင်းနေပြီး အမှတ်ပေးဇယားထိပ်ဆုံးကို အမှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ ခံစစ်က ၃ ဂိုးသာပေးထားခဲ့ရပြီး စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေကတည်းက အာဆင်နယ်ရဲ့ခံစစ်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခံစစ်အဖြစ် မှတ်ကျောက်တင်ထားနိုင်ခဲ့သလို အခုရာသီမှာလည်း ဟင်ကာပီယေ ၊ မော့စကွယ်ရာတို့ကို ထပ်မံပေါင်းထည့်ထားနိုင်ခဲ့ပါတယ်။ တကယ်လို့ အာဆင်နယ်အနေနဲ့ ဒီရာသီကိုအခုနှုန်းအတိုင်းဆက်သွားနိုင်မယ်ဆိုရင် တစ်ရာသီလုံးကို ၁၃ ဂိုးလောက်သာ ပေးရဖွယ်ရှိနေပြီး ၂၀၀၃ - ၀၄ ရာသီတုန်းက ချဲလ်ဆီးတင်ထားတဲ့စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။
အဆိုပါရာသီမှာ ချဲလ်ဆီးဟာ ခံစစ်က ၁၅ ဂိုးသာပေးခဲ့ရပြီး တယ်ရီ ၊ ပီတာချက်တို့နဲ့အတူ မော်ရင်ဟိုက လိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာလည်းကစားခဲ့ဖူးတဲ့ ပီတာချက်က အာဆင်နယ်အနေနဲ့ လက်ရှိခံစစ်စွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ယုံကြည်နေပါတယ်။ “ကောင်းပါပြီ။ ခင်ဗျားသိလား သူတို့အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ အခုချိန်မှာပြောဖို့က စောနေပါသေးတယ်။ ဒါပေမယ့် ခင်ဗျားအစတော့ကောင်းထားခဲ့ပါပြီ။ တကယ်လို့ ဒါမျိုးကိုဆက်ထိန်းထားနိုင်မယ်ဆိုရင် သူတို့မှာအခွင့်အရေးရှိလာနိုင်ပါတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့တာက ခက်ခဲတဲ့အလုပ်ပါ။ ၃၈ ပွဲကန်ရမှာဖြစ်တာကြောင့် ခင်ဗျားအနေနဲ့ တစ်ချို့အချိန်တွေမှာ ကံတရားလည်းလိုအပ်ပါတယ်။ သူတို့ ကျွန်တော်တို့စံချိန်ကိုချိုးဖျက်နိုင်ဖို့ ခက်ခဲမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆက်လက်စောင့်ကြည့်နေမှာပါ။ ဘာလို့လဲဆိုတော့ သူတို့အစကောင်းထားခဲ့လို့ပါ။ အဲ့စံချိန်တင်နိုင်ခဲ့လို့ ကျွန်တော်ဂုဏ်ယူစွာနဲ့ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ အဲ့လိုမျိုးလုပ်နိုင်ဖို့ဆိုတာက တည်ငြိမ်မှုကော အသင်းလိုက်စုစည်းမှုပါလိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့ တစ်သင်းလုံးလိုအပ်သလို တိုက်စစ် နဲ့ ခံစစ်ကော အတူတူမျှခြေဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တု့ိ အဲ့အချိန်တုန်းက မက်ခီလီလီလိုကစားသမားမျိုးရထားတာက ကံကောင်းပါတယ်။ အခုလိုစံချိန်တင်နိုင်ခဲ့ရာမှာ သူ့လိုကစားသမားမျိုးလိုအပ်ပါတယ်”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။
အသင်းဟောင်း အာဆင်နယ်ရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း ပီတာချက်က ပြောကြားခဲ့ပါတယ်။ “သူတို့ကိုအခုလိုမြင်ရတာ ကျေနပ်စရာပါ။ အခြားတစ်ဖက်မှာ ခင်ဗျားအနေနဲ့ အခုလိုမျိုးခံစစ်စွမ်းဆောင်ရည်ကောင်းရထားတာကို ဂုဏ်ယူရမှာပါ။ ဘာလို့လဲဆိုတော့ ခုလိုမျိုးဖြစ်လာဖို့ဆိုတာက လူတိုင်းပါဝင်ရမှာဖြစ်တာကြောင့်ပါ။ အခုဆိုအသင်းတွေက နောက်တန်းကနေ စတင်ပြီး အခွင့်အရေးဖန်တီးကာ ဂိုးတွေသွင်းယူလေ့ရှိပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ဂိုးမပေးရပဲ တစ်ဂိုးတည်းနဲ့အနိုင်ရခဲ့မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အာဆင်နယ်ကလည်း အခုလိုမျိုးလုပ်ဆောင်နေတာဖြစ်ပြီး သူတို့ဆက်သွားနိုင်လားဆိုတာ စောင့်ကြည့်ရပါမယ်”လို့ ပီတာချက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။