The network connection is lost.

Banner Image

နာပိုလီကို အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပေမယ့် ပုံမှန်အတိုင်းကစားသွားမယ်လို့ ပြောကြားလိုက်တဲ့ ဖာဘရီဂတ်စ်

ကိုမိုအသင်းရဲ့ နည်းပြဖြစ်သူ စက်စ် ဖာဘရီဂတ်စ်က မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားရမယ့် ကိုပါအီတာလီယာ ကွာတားဖိုင်နယ် ပွဲစဉ်မှာ နာပိုလီအသင်းကို သူတို့ရဲ့ ပုံမှန်ကစားဟန်အတိုင်း အားထည့်ရင်ဆိုင်သွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်ကိုတော့ နာပိုလီအသင်းရဲ့ အထင်ကရ ဒီယေဂို အာမန်ဒို မာရာဒိုနာ အားကစားကွင်းကြီးမှာ ဗုဒ္ဓဟူးနေ့နံနက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရရှိတဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အင်တာမီလန်အသင်းနဲ့ နှစ်ကျော့ကစားပြီး ဗိုလ်လုပွဲတက်လှမ်းနိုင်ဖို့ ယှဉ်ပြိုင်ရမှာပါ။

မနက်ဖြန်ပွဲစဉ်ရဲ့ ထူးခြားချက်ကတော့ မိနစ် ၉၀ အတွင်း သရေကျနေမယ်ဆိုရင် အချိန်ပို ကစားမှာမဟုတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ် တိုက်ရိုက်ခံယူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပွဲဟာ ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိနေတာပါ။

"မနက်ဖြန်မှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ပွဲကြီးတစ်ပွဲ ရှိနေပါတယ်။ အီတလီ လက်ရှိချန်ပီယံ အသင်းနဲ့ သူတို့ရဲ့ အထင်ကရ ကွင်းကြီးထဲမှာ အရှုံးမရှိစနစ်နဲ့ ကစားရမှာပါ။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ အာရုံစိုက်မှုအပြည့်နဲ့ သွားရောက် ရင်ဆိုင်သွားမှာပါ" လို့ ဖာဘရီဂတ်စ်က ကိုမိုအသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေတစ်ဆင့် သတိပေး ပြောကြားခဲ့ပါတယ်။

ဒီနှစ်ရာသီ စီးရီးအေပွဲစဉ်မှာတုန်းကတော့ ဒီကွင်းမှာပဲ နှစ်သင်းလုံး ဂိုးမရှိ သရေကျခဲ့ဖူးပြီး ဒါဟာ ကိုမိုအသင်းအတွက် အားတက်စရာ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုမိုအသင်းမှာ အာဆန် ဒီယို တစ်ဦးတည်းသာ ဒဏ်ရာပြဿနာ ရှိနေပြီး ဖာဘရီဂတ်စ်အနေနဲ့ အသင်းသားတွေကို အလှည့်ကျ အနားပေးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ကိုမိုအသင်းဟာ ကိုပါအီတာလီယာ ၁၆ သင်းအဆင့်မှာ ဖီအိုရင်တီးနားကို ၃-၁ ဂိုးနဲ့ မအနိုင်ခင်မှာလည်း လာဇီယိုကို ၃-၀ ဂိုး၊ တိုရီနိုကို ၆-၀ ဂိုး စတဲ့ ရလဒ်တွေနဲ့ အပြတ်အသတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လူတစ်ယောက် လျော့နေတဲ့ အတ္တလန်တာအသင်းကို ဂိုးမရှိ သရေကျခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို နီကို ပါ့ဇ် က ကန်သွင်းခဲ့ပေမဲ့ အတ္တလန်တာ ဂိုးသမား မာကို ကာနီဆက်ချီ က ကာကွယ်သွားနိုင်ခဲ့တာပါ။

ကိုမိုအသင်းဟာ ပြီးခဲ့တဲ့ အပတ်ကတော့ ပွဲနားရက် ရရှိခဲ့ပါတယ်။ ဆန်စီရိုကွင်းမှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားကြောင့် အေစီမီလန်နဲ့ ကစားရမယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။