The network connection is lost.

Banner Image

အသင်းအပေါ်စိတ်ရှည်ပေးဖို့ တောင်းဆိုလိုက်တဲ့ ကိုမိုနည်းပြ ဖာဘရီဂတ်စ်

ဂျီနိုအာအသင်းကို ၁-၁ သရေကျပြီးနောက် ကိုမိုနည်းပြ ဖာဘရီဂတ်စ်က အသင်းအပေါ် စိတ်ရှည်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မိုရာတာ နဲ့ ဆာဂျီရောဘတ်တိုတို့သာ အတွေ့အကြုံရှိတဲ့ကစားသမားတွေဖြစ်ပေမယ့် စပိန်သားကတော့ ကိုမိုအသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အီဘူကန်က ပွဲကစားချိန် ၉၂ မိနစ်မှာ ချေပဂိုးမသွင်းခင် ကိုမိုအသင်းဟာ အနိုင်ရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာ ကိုမိုအသင်းအတွက် နီကိုပက်ဇ်ကဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ၃ မှတ်ပြည့်တော့ မရခဲ့တာဖြစ်ပါတယ်။

ကိုမိုအသင်းအနေနဲ့ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပေမယ့် ရာမွန်တစ်ယောက် ပွဲကစားချိန် ၈၈ မိနစ်မှာ အထုတ်ခံခဲ့ရတာကြောင့် ဆက်မထိန်းထားနိုင်ခဲ့ပဲ ချေပဂိုးပေးခဲ့ရပါတယ်။ အဆိုပါရလဒ်ကြောင့် ကိုမိုအသင်းဟာ ပထမဆုံး ၃ ပွဲမှာ ၄ မှတ်သာရရှိခဲ့ပြီး လာဇီယိုကိုအနိုင် ၊ ဘိုလော့ဂ်နာကို အရေးနိမ့်ကာ ဂျီနိုအာကို သရေကျခဲ့ပါတယ်။

အာဆင်နယ် နဲ့ ဘာစီလိုနာစတားဟောင်းကတော့ ပရိသတ်တွေအနေနဲ့ စီးရီးအေမှာ မိမိတို့အသင်းကို ဝေဖန်တာကိုလက်ခံသလို စိတ်ရှည်ပေးဖို့လည်း လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ကစားသမားတော်တော်များများက ပရော်ဖက်ရှင်နယ်အစပိုင်းဖြစ်နေသလို နိုင်ငံအသင်းကနေ ပြန်လာတဲ့ကစားသမားတွေလည်း များနေတာဖြစ်ပါတယ်။

ကိုမိုအသင်းဟာ စီးရီးဒီကနေ စီးရီးအေကို တန်းတက်လာပြီးနောက် အခုရာသီက ဒုတိယမြောက်ရာသီကို ပြင်ဆင်နေတာဖြစ်ပါတယ်။ အင်ဒိုနီးရှားအုပ်စုတာဝန်ယူခဲ့ကတည်းက ကိုမိုအသင်းဟာ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၁၀ နေရာမှာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖာဘရီဂတ်စ်က အသင်းပရိသတ်တွေအနေနဲ့ နာပိုလီ ၊ အင်တာ ၊ ဂျူဗင်တပ်စ်တို့ကိုယှဉ်နိုင်ဖို့ စိတ်ရှည်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ အသက် ၃၈ နှစ်သားက အသင်းအနေနဲ့ အပေါင်းလက္ခဏာဆောင်နေသလို အရှိတရားကို လက်ခံရမယ်လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့က အသင်းတစ်သင်းဖြစ်သလို နိုင်ငံအသင်းကနေ နောက်ကျပြန်လာတဲ့ကစားသမား ၁၂ ယောက်အထိရှိနေပါတယ်။ ကျွန်တော် သတိပေးထားသလို ကျွန်တော်တို့က လူငယ်အသင်းပါ။ 

ကစားသမားအများစုက ပထမရာသီ ဒါမှမဟုတ် တစ်ချို့ဆို ဒုတိယရာသီကိုပဲဖြတ်သန်းနေရသေးတာပါ။ အဲ့တာကြောင့် မလွယ်ကူသလို ကျွန်တော်အရမ်းစိတ်ရှည်ရပါတယ်။ ကျွန်တော် နေ့တိုင်းသူတို့အာရုံစိုက်မှု နဲ့ အရည်အချင်းကို မြင်ရပါတယ်။

ကျွန်တော်တို့ နာပိုလီလိုအဆင့်မျိုးမရောက်သေးပါဘူး။ ကျွန်တော်တို့မှာ အတွေ့အကြုံရှိတဲ့ကစားသမားတွေအဖြစ် မိုရာတာ နဲ့ ရောဘတ်တိုသာ ရှိနေပါတယ်။ ကျွန်တော်တို့အရာအားလုံးမလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စိတ်အေးအေးထားထားပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးမှာက အချိန်တစ်ခုယူရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် အမှတ်မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ အဆင်ပြေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ 

စပိန်သားကို နွေရာသီတုန်းက လေဗာကူဆင် ၊ လိုက်ပ်ဇစ် နဲ့ အင်တာတို့က ချိတ်ဆက်ခဲ့ပေမယ့် ကိုမိုမှာသာ ဆက်နေခဲ့ပါတယ်။ လက်ရှိစီးရီးအေအမှတ်ပေးဇယားမှာတော့ ကိုမိုအသင်းဟာ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲအဖြစ် ဖီအိုရင်တီးနားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။