
တူရကီနဲ့ပွဲမှာ ယာမယ်လ်ပွဲထွက်ပါဝင်လာနိုင်တယ်လို့ စပိန်နည်းပြ အတည်ပြု
စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမား လာမိုင်းယာမယ်လ်ဟာ တူရကီနဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲထွက်ပါဝင်သွားနိုင်တယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ ယခုနှစ်ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ ယာမယ်လ်ဟာ ဘူလ်ဂေးရီးယားကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ စပိန်အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး အသင်းဖော်မီခေးလ်မီရီနိုအတွက် ဂိုးဖန်တီးမှုပြုလုပ်ပြီး ခြေစွမ်းလည်းပြသနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကစားသမားဟာ အသေးစားဒဏ်ရာကြုံတွေ့ခဲ့ရကြောင်း သတင်းတွေထွက်လာခဲ့တာကြောင့် တူရကီနဲ့ပွဲစဉ်ကို လွဲချော်သွားနိုင်တယ်လို့ ထင်ကြေးပေးမှုတွေရှိနေပါတယ်။
သို့သော်လည်း ယခုအခါမှာ ဖွန်တေက ဘာစီလိုနာကြယ်ပွင့်ဟာ တူရကီနဲ့ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ရှိနေကြောင်း အတည်ပြုလာခဲ့ပါတယ်။ စပိန်နည်းပြက "ကျွန်တော့်အနေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်သွားမှာဖြစ်ပါတယ်။ လောလောဆယ်အထိတော့ ကစားသမားတွေ အဆင်သင့်ဖြစ်နေကြပြီး ပြဿနာကြီးကြီးမားမားမရှိပါဘူး"
"စနေနေ့ လေ့ကျင့်ရေးအစီအစဉ်က အရေးကြီးပါတယ်။ ကျွန်တော်တို့ အခုချိန်အထိ ပွဲထွက် ၁၁ ယောက်စာရင်းကို မရွေးချယ်ရသေးပါဘူး။ အသေးစိတ်အချက်အလက်လေးတွေကို စိစစ်ပြီး ရွေးချယ်သွားပါမယ်။ အသင်းမှာ တိုးတက်ဖို့လိုနေတာတွေလည်း ရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
အသင်းခေါင်းဆောင် အယ်လ်ဗာရိုမိုရာတာနဲ့ပတ်သက်ပြီးတော့လည်း ဖွန်တေက "မိုရာတာက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ သူက အသင်းရဲ့စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ပြီး ဒီရာထူးနဲ့လည်း ထိုက်တန်ပါတယ်။ မိုရာတာလိုကစားသမားမျိုး ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။