လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲကနေ ဆန်းဒါးလန်းတို့ သင်ခန်းစာယူရမယ်လို့ လီဘရစ်ဝန်ခံ
လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးညပိုင်း၊ အိမ်ကွင်းပွဲစဉ်မှ သင်ခန်းစာတွေ အများကြီးယူရမယ်လို့ ဆန်းဒါးလန်းနည်းပြလီဘရစ်က ပြောပါတယ်။
ဒီပွဲစဉ်ရဲ့အဆုံးအဖြတ်အနိုင်ဂိုးကို ဒုတိယပိုင်းပွဲချိန်မှာ ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူခဲ့ပြီး လီဗာပူးတို့ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး လီဘရစ်က "သူတို့က အသင်းကောင်းတစ်ခုဖြစ်သလို ကောင်းကောင်းလည်း ကစားနိုင်ခဲ့ကြပါတယ်။ ဘောလုံးထိန်းချုပ်မှုကောင်းပြီး ပါးနပ်သွက်လက်တဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့တွေ အနေအထားတစ်ခုရဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ တချို့အချိန်တွေမှာ ကျွန်တော်တို့က ဆန်းဒါးလန်းပီပီ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားခဲ့သလို ဒုတိယပိုင်းမှာတော့ ပိုပြီးကောင်းမွန်လာခဲ့ပါတယ်" လို့ ဆိုပါတယ်။
"ကွင်းထဲမှာ ပိုပြီး စနစ်တကျရှိလာသလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုပွဲစဉ်မျိုးတွေမှာသေးငယ်တဲ့အခိုက်အတန့်လေးတွေကပဲ ရလဒ်ကို အဆုံးအဖြတ်ပေးသွားလေ့ရှိပါတယ်။ တိုက်စစ်ပိုင်းမှာ သူတို့တွေက တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားခဲ့သလို အသင်းသားတွေရဲ့စိတ်ဓာတ်ကလည်း ထပ်ပြီးတော့ ထူးထူးခြားခြားကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ အသေးစိတ် အချက်အလက်တွေပေါ်မှာပဲမူတည်နေပြီး အဲဒီ အသေးစိတ်အချက်လေးတွေကပဲ ကွာခြားချက်ကို ဖြစ်ပေါ်စေခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် လီဘရစ်က "ဒီရာသီမှာ အိမ်ကွင်းရလဒ်တွေ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ရမှတ်တွေလိုချင်သလို အသင်းသားတွေရဲ့စိတ်ဓာတ်ပိုင်းကလည်း တကယ်ကိုကောင်းမွန်ပါတယ်။ ကျွန်တော်တို့မှာ ကြံ့ကြံ့ခံနိုင်စွမ်း ရှိရပါမယ်။ အခုလို အသင်းကြီးတွေနဲ့ရင်ဆိုင်ရချိန်က ပရီးမီးယားခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ဆက်ပြီး ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့တွေ အမြန်ဆုံးသင်ယူနေကြပြီး ခက်ခဲတဲ့အတွေ့အကြုံတွေကိုလည်း ဖြတ်သန်းရပါဦးမယ်။ ဒီနေ့ညအတွေ့အကြုံက အနာဂတ်အတွက် အများကြီးအသုံးဝင်ပါလိမ့်မယ်"လို့လည်း ပြောကြားခဲ့ပါတယ်။