ဘရန့်ဖို့ဒ်နဲ့ သရေကျပြီးနောက် ချန်ပီယံဆုတိုက်ပွဲအကြောင်း ဖွင့်ဟလာတဲ့ ဒီကလန်ရိုက်စ်
ဒီနှစ်ရာသီ ပရီမီယာလိဂ်ဖလားရယူနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပြင်ပက ပြောဆိုဝေဖန်သံတွေကို ဂရုမစိုက်ဘဲ ဖယ်ထုတ်ထားရမယ်လို့ ဒီကလန်ရိုက်စ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။
မန်စီးတီးက ဖူလ်ဟမ်ကို အလွယ်တကူ အနိုင်ရခဲ့ချိန် ဂျီတက်ခ်ကွန်မြူနတီကွင်းမှာ ဘရန့်ဖို့ဒ်က အာဆင်နယ်ကို သရေကစားနိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ အမှတ်ကွာဟချက်က ၆ မှတ်ကနေ ၄ မှတ်အထိ လျော့သွားခဲ့ပါတယ်။
ဒါပေမဲ့ ဘရန့်ဖို့ဒ်လို အိမ်ကွင်းမာတဲ့အသင်းနဲ့ပွဲစဉ်မှာ သရေကျခဲ့တာဟာ အာဆင်နယ်အတွက် ရလဒ်ကောင်းတစ်ခုလို့ ရိုက်စ်က ယူဆထားပါတယ်။
ရိုက်စ်က"ပြင်ပက ပြောဆိုသံတွေကို ကျွန်တော်တို့ ဂရုမစိုက်ဘဲ ဖယ်ထုတ်ထားရပါမယ်။ အခုထိတော့ ဒါကို ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ လူတွေက ချန်ပီယံဆုတိုက်ပွဲနဲ့ အာဆင်နယ်အကြောင်း ပြောကြမှာပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ ကစားသမားတွေက တကယ်ကို တည်တည်ငြိမ်ငြိမ် ရှိကြပါတယ်။ ဘရန်ဖို့ဒ်ကို အားနည်းတဲ့အသင်းလို့ တွေးရလောက်အောင် ကျွန်တော် မအပါဘူး။ သူတို့က ဒီလိဂ်ထဲက အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်သလို နောက်ဆုံးခြေစွမ်းတွေကလည်း ဒါကို သက်သေပြနေပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ ဒါဟာ အမှတ်တစ်မှတ် ရလိုက်တာ ဖြစ်ပေမဲ့ တကယ်တော့ ပွဲကို နိုင်ချင်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။
ပွဲနဲ့ ပတ်သက်ပြီး ရိုက်စ်က "ဒီပွဲက တစ်ပိုင်းစီ ကွဲပြားနေပါတယ်။ ပထမ မိနစ် ၂၀ မှာ သူတို့ ကောင်းခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ကျွန်တော်တို့ ပြန်ကောင်းလာခဲ့တယ်။ ဒုတိယပိုင်း အစမှာလည်း ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းစတင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာတော့ သူတို့က ပိုကောင်းသွားပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာ ကျွန်တော်တို့ တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။ ဒီခရီးမှာ တစ်ရာသီလုံး ခြေစွမ်းအကောင်းဆုံး အဆင့်မှာပဲ အမြဲရှိနေဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပါ။ အသေးစိတ်အချက်လေးတွေ၊ အခြေခံကျတာတွေက အရေးကြီးသလို ကျွန်တော် အမြဲပြောသလိုပဲ ဒီရာသီက တကယ့်ကို အတက်အကျတွေ များပါတယ်။ ဒါကို လွယ်လိမ့်မယ်လို့ ထင်လို့မရပါဘူး။ အပတ်တိုင်းမှာ အကောင်းဆုံးအသင်းတွေနဲ့ ကစားနေရတာပါ။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားရမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်၊ ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပြီး ထိန်းချုပ်သွားရမှာပါ" လို့ ပြောခဲ့ပါတယ်။