ဆာကာ၊ အိုဒီဂတ်နဲ့ မီရီနိုတို့ရဲ့ အခြေအနေကို ပြောပြလာတဲ့ အာတီတာ
ယနေ့ည ဘရန်ဖို့ဒ်အသင်းနဲ့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်နည်းပြအာတီတာက ဘူကာယိုဆာကာ၊ မာတင်အိုဒီဂတ်နဲ့ လီယန်ဒရိုထရိုဆက်တို့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ပြောပြခဲ့ပါတယ်။
အာတီတာဟာ ပွဲစဉ်တွေ ဆက်တိုက်ကစားနေရတဲ့ ပွဲကြပ်ကာလမှာ အသင်းကို ခက်ခဲစွာ စီမံနေရပါတယ်။
ဆာကာနဲ့ အိုဒီဂတ်တို့အပါအဝင် ကစားသမား တော်တော်များများ ဒဏ်ရာရနေသလို ဆန်းဒါးလန်းကို အနိုင်ရတဲ့ပွဲမှာလည်း ထရိုဆက်က ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခဲ့ရပါသေးတယ်။
အာတီတာက "[ဆာကာ၊ အိုဒီဂတ်နဲ့ ထရိုဆက်တို့] အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာပါ" လို့ ပြောခဲ့ပါတယ်။
မက်စ်ဒေါင်းမန်းကလည်း ဒဏ်ရာကနေ ပြန်ကောင်းအောင် လုပ်နေပါတယ်။
ဒေါင်းမန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆလားဗီးယားပရာဟာနဲ့ပွဲမှာ အာဆင်နယ်ရဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးမှာ မကစားရသေးပါဘူး။ အသက် ၁၆ နှစ်အရွယ် ဒေါင်းမန်းဟာ အခုထိတော့ အဆင်သင့်မဖြစ်သေးပေမဲ့ ပြန်လာနိုင်ဖို့ တော်တော်လေး တိုးတက်လာနေတယ်လို့ အာတီတာက ဝန်ခံခဲ့ပါတယ်။
"မက်စ်က အခုထိတော့ မကစားနိုင်သေးပါဘူး။ ဒါပေမဲ့ သူ တော်တော်လေး အဆင်ပြေနေပါတယ်။ နောက်တစ်ပတ်လောက်ဆိုရင်တော့ ကျွန်တော်တို့နဲ့အတူ ရှိလာနိုင်ပြီး ပွဲကစားနိုင်တဲ့အရှိန်ကို ပြန်ယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
နောက်ဆုံးအနေနဲ့ နည်းပြက ဒီအပတ်အစောပိုင်းမှာ ခြေထောက်ခွဲစိတ်မှု လုပ်ခဲ့ရတဲ့ မီရီနိုအကြောင်း ပြောခဲ့ပါတယ်။
မီရီနိုဟာ လအတော်ကြာအောင် ပြန်လည်ကုသမှု ခံယူရမယ်လို့ သိရပါတယ်။
မီရီနိုနဲ့ပတ်သက်ပြီး အာတီတာက"ခွဲစိတ်မှု အောင်မြင်ခဲ့တဲ့အပေါ် ဆရာဝန်တွေက တကယ်ကို ကျေနပ်နေကြပါတယ်။ အခုကတော့ အချိန်ယူရမယ့် လုပ်ငန်းစဉ်ကို စတင်တာပါ၊ အရိုးပြန်ဆက်ဖို့အတွက်ပေါ့။ ဒါကြောင့် အချိန်တစ်ခုတော့ စောင့်ရပါမယ်၊ သူလည်း အမြန်ဆုံးပြန်ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကြာမြင့်ချိန်ကတော့ လပိုင်းလောက်ပါပဲ၊ သုံးလလား၊ လေးလလား၊ ငါးလလားဆိုတာတော့ မသိနိုင်သေးဘူး" လို့ ရှင်းပြခဲ့ပါတယ်။