မာဆေးလ်အသင်းကနေ ရုတ်တရက် နုတ်ထွက်လိုက်ရတဲ့ အကြောင်းရင်းကို ဘီနာတီးယား ရှင်းပြ
မာဆေးလ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ မက်ဒီဘီနာတီးယားဟာ ရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
စထရာဘော့အသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ စိတ်ပျက်စရာပွဲစဉ်အပြီး တစ်ရက်အကြာ၊ နည်းပြ ရောဘတ်တို ဒီဇာဘီ အသင်းကနေ ထွက်ခွာသွားပြီး ရက်အနည်းငယ်အကြာမှာပဲ ဘီနာတီးယားက အခုလို နုတ်ထွက်ကြောင်း အသိပေးလာတာပါ။
ဒီကနေ့မနက်မှာ သူတင်ခဲ့တဲ့ လူမှုကွန်ရက်စာသားမှာတော့ မော်ရိုကိုနိုင်ငံသား ဘီနာတီးယားက "ကျွန်တော် ဒီကလပ်ကို စရောက်ကတည်းက စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး မာဆေးလ်အသင်းကို ထိုက်တန်တဲ့နေရာတစ်ခုဆီ ပြန်ရောက်အောင် လုပ်ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်ဆောင်ခဲ့တာပါ။ လက်ရှိမှာလည်း ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေသလို ပြင်သစ်ဖလားကို ရယူနိုင်ဖို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။
"ပြီးခဲ့တဲ့ ရလဒ်ပိုင်း အနှောင့်အယှက်တွေနဲ့ ကံဆိုးမှုအချို့ ရှိခဲ့ပေမဲ့ ကွင်းထဲက စီမံကိန်းတွေကတော့ တိုးတက်နေဆဲပါ။ ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ ကျွန်တော် မျက်ကွယ်မပြုနိုင်ပါဘူး။ အားမလိုအားမရဖြစ်မှုတွေ ပိုများလာတာနဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာတာကို တွေ့နေရလို့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်"
"မာဆေးလ်မှာတော့ ရလဒ်ကသာ အရာရာကို ဆုံးဖြတ်တာပါ။ ကျွန်တော့်ရဲ့ ပွင့်လင်းရိုးသားမှုကို ခင်ဗျားတို့ သိကြမှာပါ။ ဒါကြောင့် စီမံခန့်ခွဲမှုပိုင်းနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေတာကြောင့် ကျွန်တော် ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာပါ။ ကျွန်တော့်အမြင်မှာတော့ ကလပ်အသင်းဟာ တစ်ဦးတစ်ယောက်ထက် ပိုအရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ ရှိနေမှုက အသင်းရဲ့ ဖွဲ့စည်းပုံနဲ့ တိုးတက်မှုအတွက် အဟန့်အတား ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး"
"ဒါကြောင့် သေချာစဉ်းစားပြီးတဲ့နောက်မှာတော့ ဖေဖော်ဝါရီလ ၉ ရက်၊ တနင်္လာနေ့မှာ မာဆေးလ်နဲ့ လက်တွဲဖြုတ်ဖို့ တာဝန်ယူ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် အလုပ်အပေါ် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်လို့ ခံစားရပေမဲ့ အသင်းပတ်ဝန်းကျင်ကို အေးချမ်းအောင် မလုပ်ပေးနိုင်ခဲ့တာကိုတော့ နောင်တရမိပါတယ်။ တကယ်တော့ ဒီအသင်းဟာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်နိုင်စွမ်း အပြည့်ရှိတဲ့ အသင်းပါ"
"ကစားသမားတွေနောက်မှာ ရှိနေပေးကြပါ၊ ခင်ဗျားတို့ တတ်နိုင်သမျှ အားပေးကြပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ရာသီကုန်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မာဆေးလ်ဟာ အမြဲတမ်း ထူးခြားတဲ့အသင်း ဖြစ်နေမှာပါ"
"ဒီလို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ အချိန်တန်တဲ့အခါ ကျွန်တော် သေချာ ရှင်းပြသွားမှာပါ" လို့ ဆိုခဲ့ပါတယ်။