The network connection is lost.

Banner Image

ရိုးမားနဲ့ စီးရီးအေဟာ မာလန်အတွက် အသင့်တော်ဆုံးနေရာဖြစ်တယ်လို့ဆိုလာတဲ့ ဘရိုင်ယန်ရွိုင်း

ဒွန်ယဲလ်မာလန်က ရိုးမားအသင်းနဲ့အတူ အစပြုမှုကောင်းတွေ ရရှိနေတဲ့အပေါ် ဘရိုင်ယန်ရွိုင်းက အလွန်ပဲ ဝမ်းသာပီတိဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာကနေ ရောက်ရှိလာခဲ့တဲ့ မာလန်ဟာ တနင်္ဂနွေနေ့က နာပိုလီနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရိုးမားအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

စီးရီးအေကလပ် ဖော့ဂ်ဂျီယာအသင်းမှာ ကစားခဲ့ဖူးတဲ့ အိုင်းယက်စ်ကြယ်ပွင့်ဟောင်း ရွိုင်းက TMW နဲ့ အင်တာဗျူးမှာ အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ "သူ့အသက် ၁၄ နှစ် ဒါမှမဟုတ် ၁၅ နှစ်လောက်မှာ ကျွန်တော် သူ့ကို ပထမဆုံး စတင် လေ့ကျင့်ပေးခဲ့တာပါ။ အဲ့ဒီတုန်းက သူ့ဆီမှာ ကျွန်တော့်ကို ချက်ချင်း သတိထားမိစေတာကတော့ သူ့ရဲ့ အမြန်နှုန်းပါပဲ။"

"အဲ့ဒီအရွယ်မှာ ကွင်းထဲက သူ့ရဲ့ ကစားပုံကို ကြည့်ရတာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ နည်းစနစ်ပိုင်း၊ ဘောလုံးထိန်းပုံနဲ့ အဆုံးသတ်ကန်ချက်တွေက တကယ်ကို ကောင်းမွန်လွန်းပြီး မွေးရာပါ အရည်အချင်းတွေ ရှိနေတာပါ။ နောက်ပြီး သူ့ရဲ့ စိတ်ဓာတ်ပိုင်းကလည်း တကယ့်ကို ကောင်းမွန်တဲ့ မိသားစုကနေ လာတာဖြစ်လို့ အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်" လို့ ရွိုင်းက ဆိုပါတယ်။

ဆက်လက်ပြီး ရွိုင်းက "ကျွန်တော့်အမြင်မှာတော့ သူဟာ ရိုးမားနဲ့ အီတလီဘောလုံးလောကအတွက် အသင့်တော်ဆုံးပါပဲ။ အီတလီက အသင်းကြီးတစ်သင်းဖြစ်တဲ့ ရိုးမားဟာ ဂျူဗင်တပ်စ် ဒါမှမဟုတ် အေစီမီလန် မဟုတ်ရင်တောင်မှ မာလန်မှာ ရိုးမားအသင်းနဲ့ ကွက်တိကျတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။"

"မာလန်နဲ့ ရိုးမားတို့ရဲ့ တွေ့ဆုံမှုဟာ တကယ့်ကို အံကိုက်ဖြစ်လွန်းပါတယ်။ သူ ရိုးမားကို ပြောင်းမယ်လို့ ကြားလိုက်ကတည်းက ဒီအပြောင်းအရွှေ့က အောင်မြင်လိမ့်မယ်လို့ ကျွန်တော် တွေးခဲ့တာပါ။ အီတလီရဲ့ ဘောလုံးယဉ်ကျေးမှုက အင်္ဂလန်ထက်စာရင် သူ့အတွက် ပိုပြီး သင့်တော်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။