အက်စတွန်ဗီလာကိုပဲ ဦးစားပေးမယ်လို့ စကော့တလန်ပရိသတ်တွေကို မက်ဂင်း ပြောကြား
အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျွန်မက်ဂင်းက သူ့အနေနဲ့ ကလပ်အသင်းကိုပဲ အရင်ဆုံး ဦးစားပေးသွားမယ်လို့ စကော့တလန်ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။
ဒီနွေရာသီမှာ ယှဉ်ပြိုင်ရမယ့် စကော့တလန်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေအကြောင်း စဉ်းစားဖို့ထက် လက်ရှိမှာ ကလပ်အသင်းအတွက် အရေးကြီးတဲ့ပွဲစဉ်တွေ အများကြီး ကစားရဖို့ ရှိနေသေးတယ်လို့ အဆိုပါကွင်းလယ်လူက ဆိုပါတယ်။
Premier Sports ရဲ့ Scottish Football Social Club ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ရာမှာ မက်ဂင်းက "မနေ့က တူလေးရဲ့ မွေးနေ့ပွဲအတွက် အိမ်ပြန်သွားတုန်းက လူတွေက ကျွန်တော့်ကို 'ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်အောင်ပဲ အာရုံစိုက်ထားပါ' လို့ ခဏခဏ လာပြောကြတယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း "အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမြင့်ဆုံးအဆင့်မှာ ရောက်ရှိနေသလို ဥရောပပြိုင်ပွဲတွေမှာလည်း နောက်ဆုံးအဆင့်တွေအထိ တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေရတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်းအတွက် ကျွန်တော် လုပ်ဆောင်ပေးရမယ့်အရာတွေ အများကြီး ရှိနေပါသေးတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။