
လေဗာကူဆင်စတားကို ပစ်မှတ်ထားလာတဲ့ အေစီမီလန်
သတင်းတွေအရ အေစီမီလန်အသင်းဟာ မိုဒရစ်ကိုခေါ်ယူပြီးနောက် ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ စီစဉ်နေပြီး လေဗာကူဆင်စတား ဇာခါကိုလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ မီလန်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် ဇာခါကို ထပ်မံဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆွစ်ဇာလန်သားဟာ ၂၀၂၃ တုန်းက အာဆင်နယ်ထံကနေ လေဗာကူဆင်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၈ အထိကျန်နေပါတယ်။
အီတလီကလပ်ဘက်က ကစားသမားအနေနဲ့ နည်းပြအပြောင်းအလဲအပြင် လူစာရင်းအပြောင်းအလဲကြောင့် အသင်းပြောင်းမယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် မီလန်အနေနဲ့ ဇာခါကိုခေါ်ယူနိုင်ဖို့ လေဗာကူဆင်နဲ့သဘောတူညီမှုရယူနိုင်ဖို့ လိုအပ်နေပါတယ်။ မိုဒရစ်ကို ၁ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပေမယ့် အေစီမီလန်ဟာ အသက် ၃၂ နှစ်သား ဇာခါကိုပါ ထပ်မံခေါ်ယူချင်နေပါတယ်။ ဇာခါဟာ ၂၀၂၃ - ၂၄ ရာသီတုန်းက လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါ နဲ့ ဂျာမန်ပိုကယ်ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီမှာလည်း ဇာခါတစ်ယောက် လေဗာကူဆင်အတွက် ဘွန်ဒက်စ်လီဂါ ၃၃ ပွဲမှာ ၂ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဇာခါအပြင် အေစီမီလန်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂွါရာ နဲ့ ဂျက်ရှာရီတို့ကိုလည်း ခေါ်ယူချင်နေပါတယ်။ ဇာခါဟာ နိုင်ငံအသင်းအတွက် ၁၃၇ ပွဲပါဝင်ကစားပေးခဲ့ပြီး နိုင်ငံအသင်းရဲ့အတွေ့အကြုံရှိတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်မှာ ၇ နှစ်တာကာလအပြင် ဆွစ်ဇာလန် ၊ ဂျာမနီ နဲ့ အင်္ဂလန်မြေ ၃ ခုပေါင်း ၆၄၉ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။
မီလန်ဟာ လာမယ့်အပတ်ထဲမှာတင် ဇာခါအတွက် လေဗာကူဆင်နဲ့ဆွေးနွေးမှာဖြစ်ပြီး ပေါင် ၁၀ သန်းတန်ကြေးရှိနေပါတယ်။ အီတလီကလပ်ဘက်က ဇာခါရဲ့လုပ်ခလစာဟာ အတားအဆီးတစ်ခုလို့ မမြင်ပဲ လက်ရှိမှာလည်း အသင်းဘက်က ရီဂျန်ဒါကို မန်စီးတီး ၊ မူဆက်ချ်ကို နာပိုလီအသင်းတွေထံရောင်းချထားခဲ့ပြီးဖြစ်ပါတယ်။