
ဘင်ဂျမင် ဆက်စ်ကို နှင့် ဗစ်တာ ရောကရက်စ်တို့အကြား ရွေးချယ်မှု ပြုလုပ်မယ့် အာတီတာ
မီကယ် အာတီတာက တိုက်စစ်မှူးအသစ် ခေါ်ယူခြင်းကို လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလအတွက် ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားပြီး အာဆင်နယ်ဟာ ဗစ်တာ ရောကရက်စ်နှင့် ဆက်စ်ကို အပါအဝင် ကစားသမားစာရင်းကို ရေးဆွဲပြီးဖြစ်ပါတယ်။
ရောကရက်စ်ဟာ စပို့တင်းစီပီနှင့်အတူ နောက်ထပ် အံ့မခန်းရာသီတစ်ခုကို အဆုံးသတ်တော့မှာဖြစ်ပြီး ၅၁ ပွဲတွင် ၅၃ ဂိုး သွင်းယူထားပါတယ်။ ထိုသို့သော ခြေစွမ်းကြောင့် ကလပ်က ပေါ်တူဂီလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဘင်ဖီကာနှင့် တာကာဒီပေါ်တူဂီ ဗိုလ်လုပွဲတွင် ရင်ဆိုင်ရမယ့်ဖလားကိုလည်း ရရှိနိုင်ဖွယ်ရှိနေပါတယ်။ ရောကရက်စ်က ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး လက်ရှိ ယူနိုက်တက်နည်းပြ ရူဘင် အမ်မိုရင်က စပို့တင်းတွင် သူကိုင်တွယ်ခဲ့ဖူးတဲ့ တိုက်စစ်မှူးနှင့် ပြန်လည် ပူးပေါင်းရန် စိတ်အားထက်သန်နေပါတယ်။
သို့သော်လည်း ရောကရက်စ်ရဲ့ ဦးလေးက ယခုသီတင်းပတ်အတွင်း တိုက်စစ်မှူးက စပို့တင်းတွင် တတိယရာသီ အထိဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ဆက်စ်ကိုက အာရ်ဘီလိုက်ပ်ဇစ်အတွက် ၄၅ ပွဲတွင် ၂၁ ဂိုးသွင်းကာ ရာသီကို အဆုံးသတ်ခဲ့ပါတယ်။ သို့သော် ကလပ်က ဘွန်ဒက်စ်လီဂါတွင် အဆင့် ၇ မှာသာ ရပ်တည်ခဲ့ပြီး လာမယ့်ရာသီ ဥရောပပြိုင်ပွဲများတွင် ပါဝင်ခွင့်ရရှိရန် လွဲချော်ခဲ့ပြီးနောက် ကြီးမားတဲ့ ငွေကြေး ထိခိုက်မှုများကို ကြုံတွေ့ရဖွယ်ရှိတယ်လို့ ထင်ရပါတယ်။
Sky Germany သတင်းအရ အာရ်ဘီလိုက်ပ်ဇစ်ဟာ ဆက်စ်ကိုအတွက် ကမ်းလှမ်းမှုများကို ဖွင့်ထားပြီး ဂျာမန်ကလပ်ရဲ့ အားကစားဒါရိုက်တာ မာဆယ်လ် ရှာဖာက အာဆင်နယ်မှ သူရဲ့ လုပ်ဖော်ကိုင်ဖက် အန်ဒရီယာ ဘာတာနှင့် ဖြစ်နိုင်ချေရှိသော အပြောင်းအရွှေ့၏ အခြေအနေများကို ဆွေးနွေးရန် စကားပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။
အာတီတာရဲ့ ဦးစားပေးမှာ ရောကရက်စ်ထက် ဆက်စ်ကိုကို ခေါ်ယူရန်ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပြီး အာရ်ဘီလိုက်ပ်ဇစ်က ၎င်းတို့ရဲ့ ထိပ်တန်းတိုက်စစ်မှူးအတွက် ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း) ကျော် တန်ကြေးရှိတဲ့ သဘောတူညီချက်ကို တောင်းဆိုနေပါတယ်။
ဆလိုဗေးနီးယား လက်ရွေးစင်ဟာ အာရ်ဘီဆဲလ်ဘတ်မှ အာရ်ဘီလိုက်ပ်ဇစ်သို့ ၂၀၂၃ ခုနှစ်တွင် ယူရို ၂၄ သန်း (ပေါင် ၂၀.၆ သန်း) ဖြင့် ရောက်ရှိခဲ့ပြီး ပေါင် ၅၅ သန်း စာချုပ်ဖျက်သိမ်းခ ပါဝင်တဲ့ ငါးနှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ယခု နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်မီ ထိုပမာဏက ပေါင် ၆၇ သန်း (ယူရို သန်း ၈၀) အထက်သို့ တိုးလာခဲ့ပါတယ်။ ဒါဟာ ဂျာမန်ကလပ်အတွက် သူ့ရဲ့ ပါဝင်ကစားမှုများ၊ ဂိုးများနှင့် ဖန်တီးမှုများနှင့် ဆက်စပ်နေခြင်းဖြစ်ပါတယ်။
ယခုလအစောပိုင်းတွင် သူ့ရဲ့ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဆက်စ်ကိုက "ဘာဖြစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ အားလုံးကလမ်းဖွင့်ထားပါတယ် ဘာမဆို ဖြစ်နိုင်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။