
ဈေးကွက်ထဲမှာ ကစားသမားတွေ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြမီခေးလ်အာတီတာက အသင်းဟာ မာတင်ဇူဘီမန်ဒီ၊ ခရစ်ရှင်နော်ဂတ်နဲ့ ကီပါတို့ကို ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမယ့် အပြောင်းအရွှေ့ကာလက အချိန်အမြောက်အမြားကျန်သေးတာကြောင့် ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေပြုလုပ်နေဆဲဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ချဲလ်တီးတိုက်စစ်ကြယ်ပွင့် နိုနီမာဒူကီကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်သလို၊ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ဖို့လည်း အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ဂျိုကာရက်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလားလို့မေးမြန်းခဲ့ရာ အာတီတာက "အသင်းကမဟုတ်တဲ့ကစားသမားနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှတ်ချက်မှမပေးချင်ပါဘူး။ အသင်းရဲ့ကစားသမားဖြစ်ဖို့သေချာပြီဆိုမှ ကျွန်တော်တို့သူ့အကြောင်းကိုပြောသွားပါမယ်"
"အပြောင်းအရွှေ့ကာလက အချိန်တွေအများကြီးကျန်နေသေးလို့ ကျွန်တော်တို့ ကစားသမားသစ်တွေ ရှာဖွေနေဆဲပါ။ အသင်းရဲ့အရည်အသွေးတိုးတက်လာဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်အများကြီးကျေနပ်ပါတယ်"
"ကစားသမားသစ်တွေခေါ်ယူတယ်ဆိုတာ သစ်ပင်တစ်ပင်ကို ကိုင်လှုပ်လိုက်သလိုပါပဲ။ သူတို့က အသင်းအတွက် စွမ်းအင်တွေနဲ့ အင်အားတွေယူဆောင်လာပေးပါတယ်။ ကျွန်တော်တို့ အရေးပါတဲ့ကစားသမားတွေကိုလည်း ခေါ်ယူပြီးပါပြီ။ကျွန်တော်တို့သွားမယ့်လမ်းကြောင်းက မြင့်မားလို့ ကစားသမားသစ်တွေတော့ လိုအပ်နေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ ဗလန်စီယာဗဟိုနောက်ခံလူ ခရစ်ရှင်မော်ကွီရာကို ပေါင် ၁၇ သန်းနဲ့ခေါ်ယူပြီး ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ဖို့ကြိုးစားနေပါတယ်။ ဆက်လက်ပြီး အာတီတာက "အသင်းရဲ့ကစားသမားတွေက လာမယ့်ရာသီမှာ အောင်မြင်မှုရရှိမယ်လို့ ယုံကြည်ထားကြပါတယ်။ ကျွန်တော်တောင်မှ သူတို့အတွက် ယုံကြည်မှုတည်ဆောက်ပေးစရာမလိုပါဘူး။ သူတို့ကိုယ်သူတို့ ဘယ်လောက်အထိ ကောင်းပြီး ဘယ်အဆင့်အထိရောက်နေကြလဲဆိုတာ သိနေကြပါတယ်"
"ဒီလိုအချက်အလက်လေးတွေက အသင်းကို နောက်တစ်ဆင့်ပို့ပေးနိုင်မယ်လို့ထင်ပါတယ်။ အခြေခံအကျဆုံးအချက်ကတော့ အသင်းအတွက်အကောင်းဆုံးပေးဆပ်ပြီး လူတိုင်းက အသင်းအတွက်ကြိုးစားဖို့တာဝန်ရှိတယ်လို့ ခံစားရဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ရာသီကြိုပွဲစဉ်တွေကစားဖို့ စင်ကာပူသို့ရောက်ရှိနေပေမယ့် ရာသီဥတုဆိုးဝါးနေတာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတယ်လို့သိရပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ခြေစမ်းပွဲစဉ်အဖြစ် အေစီမီလန်ကို စင်ကာပူအမျိုးသားလက်ရွေးစင်ကွင်းမှာ ယှဉ်ပြိုင်သွားရပါမယ်။