
ဂိုးပြတ်ရှုံးနိမ့်မှုအတွက် ရာသီဥတုကို အပြစ်မတင်ပါဘူးလို့ ဆိုခဲ့တဲ့ အေတီကိုနည်းပြဆီမြွန်နီ
အုပ်စု(B)အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ အမေရိကန်နိုင်ငံရဲ့ရာသီဥတုအပူချိန်အပေါ် အပြစ်တင်သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။
အခုပွဲစဉ်ကို ပရိသတ် ၈၀,၆၁၉ ဦး တက်ရောက်ကြည့်ရှုခဲ့ပြီး ကလပ်အသင်းနှစ်ခုလုံးရဲ့ အခုဘောလုံးရာသီအတွက် စံချိန်တင်ကွင်းတွင်းဝင်ရောက်ကြည့်ရှုသူအရေအတွက် ဖြစ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ဆီမြွန်နီက “ မက်ဒရစ်မြို့ရဲ့သြဂုတ်လမှာလည်း ဒီလိုနေ့အပူချိန်မျိုးနဲ့အတူ ဘောလုံးရာသီသစ် စတင်လေ့ရှိပါတယ်။ နေ့အပူချိန်ကိုတော့ ကျွန်တော် အပြစ်မတင်လိုပါဘူး။ အသင်းနှစ်ခုလုံးလည်း ဒီအပူဒဏ်ကို ခံစားခဲ့ရပါတယ်။ ပီအက်စ်ဂျီက ငယ်ရွယ်ကောင်းမွန်တဲ့ အသင်းတစ်ခုပါ။ သူတို့မှာ အမြဲတမ်းလိုလို ကစားသမားကောင်းတွေ ရှိခဲ့ပြီး အခုအချိန်မှာတော့ စုစည်းမှုအပြည့်ရှိနေပါပြီ”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး အက်သလက်တီကိုမက်ဒရစ်က ပြိုင်ဘက်ကို နှစ်ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ အေတီကိုအတွက် အယ်လ်ဗာရက်ဇ်ရဲ့အဖွင့်ချေပဂိုးကို ကွင်းလယ်ဒိုင်က ခွင့်မပြုပေးခဲ့သလို လူစားဝင်တိုက်စစ်မှူးဆော်လော့ကလည်း အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့ပါတယ်။
ဆီမြွန်နီက “ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့တွေ ရှိသင့်ရှိထိုက်တဲ့ပုံစံမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီရဲ့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးရရှိထားချိန်မှာတောင် ပီအက်စ်ဂျီရဲ့ဖိအားပေးမှုကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ်။
ကျွန်တော်တို့အတွက် အယ်လ်ဗာရက်ဇ်ရဲ့ချေပဂိုး ဖြစ်ပေါ်လာခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်မပြုပေးခဲ့ပါဘူး။ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အသင်းမှာ ယှဉ်ပြိုင်နိုင်စွမ်း အပြည့်ရှိခဲ့ပါတယ်။ အခုတော့ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဖန်တီးသွားဖို့အတွက် တာဝန်ရှိလာပါပြီ”လို့ ဆက်ပြောခဲ့ပါတယ်။အက်သလက်တီကိုမက်ဒရစ်က ဇွန် ၁၉ ရက်၊ ဆီယက်တဲလ်မြို့မှာ ဆီယက်တဲလ်ဆောင်းဒါးစ်နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။