The network connection is lost.

Banner Image

ဒူခေါင်းဒဏ်ရာပြဿနာကို ခွဲစိတ်ကုသမှုခံယူသွားရမယ့် ဂါဗီ

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဂါဗီဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ယခုအခါမှာတော့ အဆိုပါကာလရှည်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူသွားရမယ်လို့ ဘာစီလိုနာကဘက်က အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ အသက်-၂၁ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး တစ်နှစ်နီးပါးအနားယူခဲ့ရကာ ယခုအခါမှာ ဘာစီလိုနာအတွက် ၂ ပွဲကစားပြီးနောက် အဆိုပါဒဏ်ရာကြောင့်ပဲ ပြန်လည်အနားယူခဲ့ရတာဖြစ်ပါတယ်။ 

ဘာစီလိုနာအနေနဲ့ ဂါဗီတစ်ယောက် ဘယ်လောက်အထိအနားယူရမယ်ဆိုတာ တိတိကျကျ ထုတ်ဖော်ခဲ့ခြင်းမရှိပေမယ့် စပိန်သတင်းဌာနတွေကတော့ ၅ ပတ်၊ ၆ ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ ဖော်ပြထားကြပါတယ်။ တနင်္လာနေ့မှာ ဘာစီလိုနာက "ဂါဗီဟာ သူ့ရဲ့ညာဘက်ဒူးခေါင်းဒဏ်ရာနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ အားကစားဆိုင်ရာ စမ်းသပ်ချက်တွေကို တောင့်ခံနိုင်ခဲ့ပေမယ့် ဒဏ်ရာကနေ တတ်နိုင်သလောက် အကောင်းဆုံးပြန်လာနိုင်ဖို့နဲ့ နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်စေဖို့ ခွဲစိတ်ကုသမှုခံယူသွားရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုကိုတော့ အင်္ဂါနေ့မှာပဲ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာစီလိုနာဟာ ဂါဗီကိုသာမက နောက်ထပ်ကွင်းလယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဖာမင်းလိုပက်ဇ်ကိုလည်း ဒဏ်ရာပြဿနာကြောင့် ၃ ပတ်လောက်အထိ လက်လွှတ်ထားရမှာဖြစ်ပါတယ်။ ဖာမင်လိုပက်ဇ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂီတာဖေးကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရမှာရပ်တည်နေပြီး ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၂ မှတ်ကွာဟနေပါတယ်။ လာမယ့် လာလီဂါပွဲစဉ်မှာတော့ ဘာစီလိုနာဟာ ရီးရဲလ်အိုဗီဒိုကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။