The network connection is lost.

Banner Image

မန်စီးတီးစတားဟောင်းကို စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ ဘိုင်ယန်အတည်ပြု

ဘိုင်ယန်မြူးနစ်အသင်းကတော့ ကွန်ပနီကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ကွန်ပနီတစ်ယောက် ဘိုင်ယန် နဲ့ ၂၀၂၉ အထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာလည်း အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနေပါတယ်။ 

“ကျွန်တော်တို့နဲ့ ကွန်ပနီတို့ကြား ၂၀၂၉ ဇွန်လ ၃၀ ရက်နေ့မတိုင်ခင်အထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး ပထမရာသီမှာတင် ကွန်ပနီက ဘွန်ဒက်စ်လီဂါချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အခုရာသီအစမှာလည်း စူပါဖလားကို ရယူပေးနိုင်ခဲ့ပါတယ်”လို့ ဘိုင်ယန်က ကြေညာခဲ့ပါတယ်။ ကွန်ပနီကလည်း စာချုပ်သစ်ချုပ်ဆိုပြီးနောက် အသင်းမီဒီယာနဲ့အင်တာဗျူးမှာ “ကျွန်တော် ဝမ်းသာမိသလို  ဂုဏ်လည်းယူမိပါတယ်။ ပြီးတော့ အသင်းကိုလည်း ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။ 

သူတို့ပထမနေ့ကတည်းက ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်ပေးခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အများကြီးအကျိုးရှိစေပါတယ်။ ကြီးမားတဲ့အတွေ့အကြုံတွေလည်းရခဲ့သလို အခုအတိုင်း အလုပ်ဆက်ကြိုးစားဖို့ လိုအပ်ကာ အောင်မြင်မှုတွေနဲ့အတူ အောင်ပွဲခံချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဘိုင်ယန်အသင်းဥက္ကဌ ဟိုင်နာကလည်း ကွန်ပနီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဘန်လေကနေစပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကွန်ပနီကို စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ဘိုင်ယန်ဟာ ကိန်းကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ကိန်း နဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိရှိနေပေမယ့် အသင်းဘက်က ထပ်မံသက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။ ကိန်းဟာ ဘိုင်ယန်ကိုပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်နဲ့အတူ လိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေပြသနေကာ စနေနေ့တုန်းက ကလပ်အသင်းကစားသမားဘ၀ ၄၀၀ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်အတွက် ကိန်းတစ်ယောက် ၁၀၇ ပွဲမှာ ၁၀၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဒီရာသီ ၅၂ မိနစ်တိုင်းမှာ ၁ ဂိုးနှုန်းသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘရုဂျက်အသင်းနဲ့ ချန်ပီယံလိဂ်ကန်ရမှာဖြစ်ပြီး ဒီရာသီဥရောပမြေမှာအောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မနှစ်ကရာသီတုန်းက ဘိုင်ယန်ဟာ ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီး အခုနှစ်မှာတော့ ပါဖို့စ် နဲ့ ချဲလ်ဆီးတို့ကိုအနိုင်ကန်ထားနိုင်ပါတယ်။