
အာဆင်နယ်ပရိသတ်တွေ သူ့ဆီကနေ ဘာတွေမျှော်လင့်လို့ရမလဲ ပြောကြားလာတဲ့ မော်စ်ကွီရာ
ယခုနွေရာသီအတွင်း ဗလန်စီယာမှာပြောင်းရွှေ့လာခဲ့တဲ့ အာဆင်နယ်နောက်ခံလူသစ် ခရစ်ရှန်မော်စ်ကွီရာက အသင်းရဲ့ပရိသတ်တွေအနေနဲ့ သူ့ဆီကနေ ဘာတွေမျှော်လင့်လို့ရမလဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ မော်စ်ကွီရာကိုခေါ်ယူနိုင်ဖို့ ကာလရှည်ချိတ်ဆက်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့မှာတော့ ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာတော့ စပိန်လူငယ်ကစားသမားက အာဆင်နယ်ကပေးအပ်လာတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး လာမယ့်ရာသီမှာ အာတီတာရဲ့အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမယ့်အကြောင်း ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်နဲ့ပြုလုပ်ခဲ့တဲ့ ပထမဆုံးအင်တာဗျူးမှာ မော်စ်ကွီရာက "ဒီအသင်းက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ဒီကိုရောက်လာဖို့ နောက်ကွယ်မှာ ကျွန်တော်အလုပ်တွေကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် အခုလိုရလာခဲ့တဲ့အခွင့်အရေးကို လွှတ်ပေးလိုက်လို့မရပါဘူး။ ကျွန်တော်အခု သမိုင်းဝင်အသင်းကြီးတစ်သင်းကိုရောက်လာခဲ့ပါပြီ။ ဒီကို မိသားစုနဲ့အတူပြောင်းရွှေ့လာတာဖြစ်လို့ ဒီနေရာက ဘယ်လောက်အထိကြီးကျယ်ဆိုတာ ပိုသိခဲ့ရပါတယ်"
"ကျွန်တော့်ရဲ့ကစားသမားဘဝ ဒီလိုမြန်မြန်ဆန်ဆန်တိုးတက်လာမယ်လို့တော့ မမျှော်လင့်ထားခဲ့ပါဘူး။ အာဆင်နယ်ကိုရောက်လာတာ အတွေ့အကြုံတွေရယူဖို့နဲ့ တိုးတက်လာဖို့ပါပဲ။ ထိပ်တန်းကစားသမားတွေ၊ ကမ္ဘာ့အဆင့်နည်းပြတွေနဲ့ လက်တွဲသွားရပါမယ်။ကျွန်တော်က ငယ်ရွယ်ပြီး အင်အားအပြည့်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်လို့ နောက်ထပ်လုပ်နိုင်စရာတွေအများကြီးကျန်ပါသေးတယ်။ အခုချိန်မှာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေပါတယ်။ ပိုတိုးတက်တဲ့ခြေစွမ်းနဲ့ အသင်းအတွက်ပေးဆပ်သွားချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီအတွင်း ကစားသမားသစ်တွေအများအပြားခေါ်ယူပြီး အသင်းကိုအင်အားဖြည့်တင်းနေကာ နောက်ရာသီမှာ ဆုဖလားတွေရယူဖို့ ရည်ရွယ်ထားပုံပေါ်ပါတယ်။ အာတီတာရဲ့အသင်းဟာ တောင်ပံကစားသမား နိုနီမာဒူကီ၊ ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီနဲ့ တိုက်စစ်မှူး ဗစ်တာယော်ကရက်စ်တို့ကို ခေါ်ယူထားနိုင်သလို၊ ယခုအခါမှာ နောက်တန်းအတွက် မော်စ်ကွီရာကို ဆက်လက်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာအနေနဲ့ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ နောက်ခံလူ တိုမီယာဆုနေရာမှာ မော်စ်ကွာရာကိုအစားထိုးသွားမှာဖြစ်ပြီး အရပ် ၆ ပေ ၃ လက်မအမြင့်ရှိတဲ့ စပိန်သားဟာ အာဆင်နယ်နောက်တန်းအတွက် အားကိုးစရာဖြစ်လာနိုင်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ မော်စ်ကွီရာကို ပထမဆုံးအကြိမ်အဖြစ် စတင်ပွဲထုတ်လာဖွယ်ရှိပါတယ်။