The network connection is lost.

Banner Image

ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လွှဲချော်မယ့် ဆာလီဘာ

အာဆင်နယ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဆာလီဘာဟာ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ အန်ဖီးလ်ကွင်းတွင် ပွဲထွက်ကစားခဲ့ပေမယ့် ၅ မိနစ်အကြာမှာပဲ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နာကျင်စွာ ထွက်ခွာခဲ့ရပါတယ်။

ဆာလီဘာရဲ့နေရာကို ဗလင်စီယာအသင်းကနေ ပေါင် ၁၃ သန်းနဲ့ ဒီနွေရာသီမှာ ရောက်ရှိလာခဲ့တဲ့ ခရစ်စသီယန် မော့စ်ကွီရာက အစားထိုး ဝင်ရောက်လာခဲ့ပြီး အာဆင်နယ်အသင်းအတွက် သူ့ရဲ့ ဒုတိယမြောက်ပွဲထွက်ခွင့်လည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ မီကဲလ် အာတီတာက ‘ဝီလီယံ ဆာလီဘာဟာ သွေးပူလေ့ကျင့်ခန်းလုပ်တုန်းက ခြေကျင်းဝတ် လွဲခဲ့ပါတယ်။ ဒါပေမဲ့ သူက ဆက်ကစားနိုင်မယ်လို့ ယုံကြည်တာကြောင့် ဝင်ကစားခဲ့ပေမယ့် ပထမဆုံးအကြိမ် လှုပ်ရှားမှုနှစ်ခုမှာပဲ မကစားနိုင်တော့ပါဘူး။ သူ ဆက်ပြီး မကစားနိုင်တော့တာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ကို ထုတ်ခဲ့ရပါတယ်’

‘ဒါပေမဲ့ ဘုရားသခင်ကျေးဇူးကြောင့် ကျွန်တော်တို့မှာ မော့စ်ကွီရာကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ကစားစေခဲ့တာပါ။ အန်ဖီးလ်ကွင်းမှာ သူ့ရဲ့ပွဲဦးထွက်ကို ကျွန်တော် မျှော်လင့်မထားခဲ့ပါဘူး။ သူ တကယ့်ကို ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်’လို့ ပြောဆိုခဲ့ပါတယ်။

ဆာလီဘာရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ‘စိုးရိမ်မှုရှိလား’ လို့ မေးမြန်းခဲ့တဲ့အခါမှာ အာတီတာက ‘ရှိပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲစဉ်မျိုးမှာ မကစားနိုင်ဘူးဆိုတာ တစ်ခုခု မှားနေတယ်ဆိုတာကို ဆိုလိုပါတယ်’လို့ ထပ်ပြောခဲ့ပါတယ်။

အာတီတာ စိုးရိမ်ခဲ့တာ မှန်ပါတယ်။ ပြင်သစ်မီဒီယာ L'Equipe ရဲ့ဖော်ပြချက်အရ ဆာလီဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရဖွယ်ရှိနေပါတယ်။

ဆာလီဘာဟာ ကြာသပတေးနေ့က ပြင်သစ်အသင်းရဲ့ ယူကရိန်းကို ရင်ဆိုင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို လွဲချော်ခဲ့ပြီး လာမယ့် အင်္ဂါနေ့မှာ အိုက်စလန်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်ကိုလည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ပြင်သစ်မီဒီယာရဲ့ ဖော်ပြချက်တွေ မှန်ကန်ခဲ့ရင် ဆာလီဘာဟာ အနည်းဆုံး အာဆင်နယ်ပွဲစဉ် ၃ ပွဲအထိ လွဲချော်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ နော့တင်ဟမ်ဖောရက်စ်ကို ချက်ချင်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ပွဲစဉ်အပြင် မန်စီးတီးနဲ့ ကစားရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ လအကုန်မှာ ကာရာဘောင်းဖလားပြိုင်ပွဲအတွက် ပို့တ်ဗေးလ်နဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်ရဲ့ စိန့် ဂျိမ်းစ် ပတ်ခ်ကွင်းကိုလည်း သွားရောက်ရပါဦးမယ်။

ပရီးမီးယားလိဂ်အသင်းတွေနဲ့အတူ ဒဏ်ရာနဲ့ ခြေစွမ်းပိုင်းဆိုင်ရာ သုတေသနတွေ ပြုလုပ်တဲ့ Kitman Labs ရဲ့ အမှုဆောင်အရာရှိချုပ် စတီဖန် စမစ်ကတော့ ဆာလီဘာရဲ့ ဒဏ်ရာအပေါ် အကောင်းမြင်ခဲ့ပေမယ့် အခြေအနေက ပထမကထင်ထားတာထက် ဆိုးရွားပုံရပါတယ်။

‘အာဆင်နယ်က လူတိုင်းဟာ သူ့ရဲ့အရေးပါမှုကြောင့် ဒီဒဏ်ရာနဲ့ပတ်သက်လို့ စိတ်ပျက်နေကြမှာပါ။ ဒဏ်ရာက ပေါ့ပေါ့ပါးပါးလေးလို့ ထင်ရတယ်။ အရွတ်ဒဏ်ရာက စိန်ခေါ်မှုမရှိဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ပေါင်ခြံဒဏ်ရာလိုမျိုးဆိုရင် သူတို့ ပိုပြီးဂရုစိုက်ရပါမယ်’

‘အခုချိန်မှာ သူတို့က ကောင်းကောင်းဂရုစိုက်နိုင်ပြီး လိုအပ်မယ်ဆိုရင် စည်းနှောင်ထားပြီးတော့ ကွင်းထဲကို အလျင်အမြန် ပြန်ရောက်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အရေးကြီးတဲ့ အရွတ်ဒဏ်ရာလို့ မထင်ပါဘူး။ ၂ ပတ်ကနေ ၃ ပတ်အတွင်းမှာ ပြန်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်’

‘ဒဏ်ရာရပြီးနောက်နေ့မှာ ဘယ်လောက်အထိ ရောင်ရမ်းနေပြီး ဘယ်လောက် နာကျင်နေလဲဆိုတာပေါ် မူတည်ပါတယ်။ အကယ်၍ ရောင်ရမ်းမှုနည်းပြီး နာကျင်မှုလည်း မရှိဘူးဆိုရင် အခွင့်အရေးရှိနေပါသေးတယ်’လို့ စမစ်က Metro ကို ပြောကြားခဲ့ပါတယ်။

ဆာလီဘာရဲ့ ဒဏ်ရာကြောင့် ဒီနွေရာသီမှာ ရောက်ရှိလာခဲ့တဲ့ မော့စ်ကွီရာက ပွဲကစားခွင့်တွေ ပိုရနိုင်ဖွယ်ရှိနေပြီး ဂျူလီယန် တင်ဘာနဲ့ ရစ်ကာဒို ကာလာဖီယိုရီတို့ကလည်း အာတီတာအတွက် ဗဟိုနောက်ခံလူနေရာမှာ ရွေးချယ်စရာတွေဖြစ်ပါတယ်။

ဆာလီဘာရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ESPN မှာ သုံးသပ်ရာမှာ မန်စီးတီးနောက်ခံလူဟောင်း နဒွန် အိုနူဟာက ‘သူ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အာဆင်နယ်က သူ့ရဲ့နေရာကို အစားထိုးနိုင်မယ့်နည်းလမ်းကို ရှာဖွေနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က ခံစစ်ပိုင်းအရ အခုထိ အခိုင်အမာရှိနေပြီးတော့ ဝင်လာမယ့်ကစားသမားတွေကလည်း အရင်နှစ်တွေကထက် ပိုပြီးတော့ အဆင့်မြင့်လာနိုင်ပါတယ်’

‘ဒါက အသင်းအတွက်ထိခိုက်မှုတစ်ခု ဖြစ်မှာပါ။ ဒါပေမဲ့ ဝီလီယံ ဆာလီဘာမရှိဘဲ တစ်လဆိုတာက အာဆင်နယ်အတွက် စီမံခန့်ခွဲနိုင်ပါတယ်’ လို့ ပြောထားပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟောင်း ခရေ့ဂ် ဘားလေက ‘မော့စ်ကွီရာကို သူတို့ ဒီနွေရာသီမှာ ခေါ်ယူခဲ့တာပါ။ အန်ဖီးလ်ကွင်းမှာ သူ ဝင်လာခဲ့ပါတယ်။ တင်ဘာနဲ့ ကာလာဖီယိုရီတို့ကလည်း အဲဒီနေရာမှာ ကစားနိုင်ပါတယ်။ ဒါကတော့ စိတ်ကူးထဲကလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးအတွက်ပဲ အာဆင်နယ်မှာ အခုလို ကစားသမားအင်အားရှိနေတာပါ’ လို့ ထပ်ပြောခဲ့ပါတယ်။