The network connection is lost.

Banner Image

ယူနိုက်တက် ယူ-၁၈ အသင်းနည်းပြအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဖလက်ချာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ဒါရင်းဖလက်ချာဟာ လက်ရှိနည်းပြ ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ ကလပ်ရဲ့ ယူ-၁၈ အသင်းမှာ နည်းပြချုပ်အဖြစ် စတင်ကိုင်တွယ်ခွင့်ရတော့မှာဖြစ်ပါတယ်။ 

နည်းပြတစ်ယောက်ဖြစ်လာဖို့ရည်မှန်းထားတဲ့ စကော့တလန်လက်ရွေးစင်ဟောင်းအတွက် ယူနိုက်တက်ယူ-၁၈ အသင်းကိုကိုင်တွယ်ရခြင်းဟာ ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြကြပါတယ်။ The Athletic သတင်းဌာနက ယူနိုက်တက်ဟာ ယူ-၁၈ အသင်းရဲ့နည်းပြချုပ် အဒမ်လောရန့်စ်ကို ယခုနွေရာသီအတွင်းမှာပဲ ရာထူးကနေထုတ်ပယ်ခဲ့ပြီး ဖလက်ချာကို အစားထိုးခန့်အပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ လောရန့်စ်ဟာ ယူနိုက်တက်မှာ ၂ နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ အသင်းနဲ့လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ 

လောရန့်စ်ထွက်ခွာသွားပြီးနောက်မှာ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ‌ဂျေဆန်ဝယ်လ်ကော့ဇ်နဲ့ အကယ်ဒမီဒါရိုက်တာ နစ်ခ်ဝယ်လ်ကော့ဇ်တို့ဟာ ဖလက်ချာကို ချက်ချင်းပဲ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ယူအီးအက်ဖ်အေ အသိအမှတ်ပြု နည်းပြလိုင်စင်ကိုင်ဆောင်ထားတဲ့ ဖလက်ချာကလည်း ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ယခုအခါမှာ‌တော့ ယူ-၁၈ အသင်းကိုစတင်ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ 

ဖလက်ချာဟာ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၃ ခုနှစ်မှာစတင်ခဲ့ကာ ၂၀၁၅ ခုနှစ်အထိ အိုးလ်ထရက်ဖို့ဒ်မှာ ၁၂ ကြာကစားခဲ့ပါတယ်။ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဖလက်ချာဟာ ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ ယူနိုက်တက်ကစားသမားတွေဟာ နွေရာသီအားလပ်ရက်ကို မိသားစုနဲ့အတူကုန်ဆုံးနေကြပြီး ရာသီကြိုပွဲစဉ်တွေအတွက် လာမယ့်ဇူလိုင်လ အလယ်လောက်မှသာ အသင်းနဲ့ပြန်လည်ပူးပေါင်းသွားမယ်လို့ သိရပါတယ်။