
ချီးကျူးမှုတွေနဲ့ ထိုက်တန်လွန်းသူလို့ အန်ဂူမိုဟာကို ချီးကျူးလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က သူတို့ရဲ့အာရှရာသီကြိုခရီးစဉ်အတွင်း အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသခဲ့တဲ့ အသက်-၁၆ နှစ်အရွယ်တောင်ပံကစားသမား ရီယိုအန်ဂူမိုဟာကို ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ အန်ဂူမိုဟာရဲ့သွင်းဂိုးတစ်ဂိုးအပါအဝင် ယိုကိုဟားမားအက်ဖ်အမ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲအပြီး အန်းစလော့က “ အန်ဂူမိုဟာကတော့ သူ့မှာရှိတဲ့အစွမ်းအစတွေကို နောက်တစ်ကြိမ် ချပြသွားခဲ့ပါပြီ။ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေ အများကြီးရှိလို့ အခုလိုချပြနိုင်တာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။
အသက် ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ကစားသမားလေးတွေရဲ့ ပွဲစဉ်တစ်ခုအပေါ် အကျိုးသက်ရောက်နိုင်စွမ်းကို မြင်တွေ့ရတာ အမြဲတမ်းပျော်စရာကောင်းပါတယ်။ အသက်-၁၆ နှစ်အရွယ်မှာပဲ အန်ဂူမိုဟာလိုမျိုး ပွဲစဉ်တစ်ခုအပေါ် အကျိုးသက်ရောက်နိုင်စွမ်းကို ပြသနိုင်မယ်ဆိုရင် ဒါဟာ ချီးကျူးမှုတစ်ခုနဲ့ အပြည့်အဝထိုက်တန်နေပါပြီ”လို့ ပြောပါတယ်။
အခုနွေရာသီကာလအတွင်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၆၅ ဒဿမ ၅ သန်းဖြင့် ရောက်ရှိသွားဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်နေရာမှာ အန်ဂူမိုဟာကို အစားထိုးရွေးချယ်နိုင်ခွင့်တစ်ခုလည်း ရှိနေပြန်ပါတယ်။
နောက်ထပ်အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ အန်ယိုနီလည်း ယိုကိုဟားမားအက်ဖ်အမ်နဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ လီဗာပူးကစားသမားဘဝအဖွင့်ဂိုးအပြီး ဒုတိယမြောက်ဂိုးကိုသွင်းယူကာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။