
ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ ကူလူဆက်ဗ်စကီး
တော့တင်ဟမ်တောင်ပံကစားသမား ဒီဂျန်ကူလူဆက်ဗ်စကီးဟာ မေလ ၂၂ ရက်နေ့မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ယှဉ်ပြိုင်သွားရဖို့ရှိနေပေမယ့် တနင်္ဂနွေနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၀-၂ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပါတယ်။
ဒဏ်ရာပြဿနာကြောင့် ကာလအချို့အနားယူခဲ့ရတဲ့ တောင်ပံကစားသမားဟာ ကြားရက်က ဘိုဒိုဂလင့်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ယခု ပဲလေ့စ်နဲ့ပွဲမှာလည်း ဆက်လက်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကူလူဆက်ဗ်စကီးဟာ ယခုပွဲစဉ်မှာတော့ ပထမပိုင်းပြီးတဲ့အထိပင် ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲကစားချိန် မိနစ် ၂၀ မှာပဲ ဒဏ်ရာပြဿနာကြုံတွေ့ပြီး လူစားလဲခံခဲ့ရပါတယ်။ အဓိကကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်တစ်ယောက် ရာသီကုန်အထိ အနားယူရဖို့ရှိနေတဲ့အပြင် ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရဖို့ရှိနေတဲ့တော့တင်ဟမ်အတွက် ကူလူဆက်ဗ်စကီးရဲ့ဒဏ်ရာပြဿနာဟာ နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြအန်ဂျီပိုစတီကိုဂလူကတော့ ကစားသမားရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဩစတြေးလျသားက "သူနဲ့စကားပြောကြည့်တော့ ဒဏ်ရာက မပြင်းထန်ဘူးလို့ ထင်ပါတယ်။ အသင်းရဲ့ဆေးအဖွဲ့ကလည်း ဒဏ်ရာနဲ့ပတ်သက်ပြီး မစိုးရိမ်ရဘူးလို့ပြောပါတယ်။ သာမန်ထိခိုက်မိရုံပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ကူလူဆက်ဗ်စကီးဒဏ်ရာရခဲ့သလို၊ ယခုပွဲစဉ်မှာရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်အတွက် ဒီရာသီပရီးမီးယားလိဂ်ရှုံးပွဲဟာ ၂၀ အထိရှိလာခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာသို့ ကျဆင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အတွက် သွင်းဂိုး ၂ ဂိုးစလုံးကိုအီဇီက သွင်းယူပေးခဲ့တာဖြစ်ပြီး လာမယ့်အပတ် မန်ချက်စတာစီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အတွက် အားတက်ဖွယ်ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ပိုစတီကိုဂလူက "ကျွန်တော်တို့ ဒီနေ့မှာ လုံလောက်တဲ့စွမ်းဆောင်ရည်မပြသနိုင်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ဒီနေ့မှာ မမြင်ခဲ့ရပါဘူး။ ပြောင်းလဲမှုအများအပြားပြုလုပ်ခဲ့လို့ ဒီပွဲမှာ အချိတ်အဆက်ကောင်းကောင်းမမိခဲ့ပါဘူး။ ဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုး ရှိခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ ရှုံးပွဲတွေအများကြီးရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ တော့တင်ဟမ်အတွက် အပြုသဘောဆောင်တဲ့အချက်ဆိုလို့ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ပွဲစဉ် ၇ ပွဲလောက်အထိလွဲချော်ခဲ့တဲ့ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်တစ်ယောက် လူစားဝင်ကစားသမားအဖြစ် မိနစ် ၃၀ ကျော်လောက် ပါဝင်ကစားနိုင်ခဲ့ခြင်းပဲရှိပါတယ်။ လာမယ့်စနေနေ့မှာတော့ တော့တင်ဟမ်ဟာ နောက်ထပ်ခက်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။