
ပြင်သစ်-အိုက်စလန် သရေပွဲမှ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ဒေါသထွက်နေတဲ့ နည်းပြ ဒက်ချမ့်စ်
ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဝေးကွင်း ခရီးစဉ်တစ်ခုဖြစ်တဲ့ အိုက်စလန်နှင့်ပွဲစဉ်တွင် ပြင်သစ်အသင်းက ၂-၂ ဂိုးဖြင့် စိတ်ပျက်ဖွယ် သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် နည်းပြချုပ် ဒီဒီယာ ဒက်ချမ့်စ် ဟာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပထမပိုင်းတွင် အိမ်ရှင်အသင်းရဲ့ ဦးဆောင်ဂိုး မသွင်းယူမီ မန်နူ ကိုနေး အား ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သူက ပြောကြားထားပါတယ်။
တနင်္လာနေ့က Laugardalsvollur ကွင်းတွင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယဆုရ ပြင်သစ်အသင်းကို အိုက်စလန်အသင်းက ၂-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် သရေရလဒ်ဖြင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်တွင် အိမ်ရှင်အသင်းအတွက် ဗဟိုနောက်ခံလူ ဗစ်တာ ပါလ်ဆန် က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း အလယ်တွင် ခရစ္စတိုဖာ အန်ကွန်ကူ နှင့် ဂျင်း-ဖိလစ်ပီ မာတာတာ တို့က ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းယူကာ ပြင်သစ်ကို ဦးဆောင်ခွင့် ရစေခဲ့ပါတယ်။
သို့သော် ထိုဦးဆောင်မှုမှာ ကြာရှည်မခံခဲ့ဘဲ မာတာတာရဲ့သွင်းဂိုးပြီးနောက် နှစ်မိနစ်အကြာတွင် လူစားဝင်ကစားသမား ခရစ်စတီယန် လင်းဆန်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ ကီလီယန် အမ်ဘာပေ မပါဝင်ခြင်း၊ ပီအက်စ်ဂျီ ကစားသမား သုံးဦးဖြစ်တဲ့ အူစမာန် ဒမ်ဘီလီ ၊ ဒီဇိုင်းယား ဒူအေး နှင့် ဘရက်ဒလေ ဘာကိုလာ တို့ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အတွေ့အကြုံနည်းသော ပြင်သစ်တိုက်စစ်ဟာ နောက်ဆုံး မိနစ် ၂၀ တွင် အိုက်စလန်၏ ခံစစ်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
ပွဲအပြီး TF1 သို့ ဒက်ချမ့်စ်က "ဗီဒီယို ပြန်ကြည့်ပြီးတဲ့နောက် သူတို့ရဲ့ ပထမဂိုးမှာ ကိုနေးကို ရှင်းရှင်းလင်းလင်း ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ငိုနေမှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခါတစ်လေကျရင် သူတို့ အိပ်ပျော်နေရမယ် ဒိုင်လူကြီး မမြင်တာက ဒိုင်တွေကို အပြစ်ပြောမှာ မဟုတ်ပေမဲ့ အသေးအဖွဲ ပြစ်မှုတွေအတွက် ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ သူက ဒီမှာရှိနေတာကြောင့် ပတ်ဝန်းကျင်က သူ့ကို နည်းနည်း သြဇာလွှမ်းမိုးနေတယ်လို့ ကျွန်တော် ခံစားရပါတယ်"
"ပထမဂိုးက ဂိုးမဖြစ်သင့်ဘူး။ ကျွန်တော်တို့ ဒုတိယဂိုး ပေးလိုက်ရတာကတော့ ဒိုင်လူကြီးရဲ့ အမှား မဟုတ်ဘူး တကယ်တော့ ပြိုင်ဘက်က သွင်းယူခဲ့တာပါ။ ကျွန်တော် ကစားသမားတွေကို ပြောခဲ့တာက ဒါပါပဲ၊ ကျွန်တော်တို့ လုပ်ခဲ့တာတွေ လုပ်ပြီး ၂-၁ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ဒါပေမဲ့ သူတို့ရဲ့ ပထမဂိုးကို ကျွန်တော် အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ပြီး ပြစ်မှု ရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ"
"ဒိုင်လူကြီး မမြင်ခဲ့ဘူး၊ ကျွန်တော်တို့လည်း သူ့ကို မပြောခဲ့ဘူး။ အဲဒီအပေါ်မှာပဲ ပွဲကို အကျဉ်းချုပ်ပြောမှာ မဟုတ်ပါဘူး ဒါပေမဲ့ အခွင့်အရေး တစ်ကြိမ်မှ မရဘဲ ပထမပိုင်းအပြီးမှာ သူတို့က ၁-၀ ဂိုး နဲ့ ဦးဆောင်နေခဲ့တယ်။ ကျွန်တော်တို့လည်း အခွင့်အရေး အများကြီး မရခဲ့ပါဘူး ဒီအိုက်စလန်အသင်းကို ဘာမှ အပြစ်တင်စရာ မရှိပါဘူး။ သူတို့မှာ ပြေးအားအပြင် အရည်အချင်းတွေလည်း ရှိတယ်ဆိုတာ အတည်ပြုခဲ့ပြီးပါပြီ။ ကောင်းတဲ့အသင်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ပါလ်ဆန် သွင်းယူတဲ့ ဦးဆောင်ဂိုး မတိုင်မီ ပြစ်မှုကျူးလွန်ခံခဲ့ရတဲ့ ကိုနေးကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် သူ၏ သဘောထားကို ပြောကြားခဲ့ပါတယ်။ "ဒါဟာ ပြစ်မှုလို့ ကျွန်တော် ထင်ပါတယ်။ သူ ကျွန်တော့်ကို တွန်းခဲ့တယ်။ ဆိုလိုတာက သူ ဂိုးမသွင်းခင် ဘောလုံးကို မထိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နည်းနည်းတော့ မတရားဘူးလို့ ထင်ပေမဲ့ ဒါဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ပါ" လို့ ပွဲအပြီးတွင် မီဒီယာကို ပြောကြားခဲ့ပါတယ်။
ယခုသရေရလဒ်က ပြင်သစ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သုံးပွဲဆက် အနိုင်ရရှိခဲ့သည့် စံချိန်ကို ရပ်တန့်စေခဲ့သော်လည်း လေးပွဲကစား ၁၀ မှတ်ဖြင့် ယူကရိန်းထက် သုံးမှတ် အသာစီးရယူကာ အုပ်စုထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နေဆဲဖြစ်ပါတယ်။ ပြင်သစ်ရဲ့ နောက်ထပ် ခြေစစ်ပွဲများကို နိုဝင်ဘာလတွင် ယူကရိန်းနှင့် အဇာဘိုင်ဂျန်တို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။