The network connection is lost.

Banner Image

ရာဘီယော့ကို လှောင်ပြောင်ခဲ့လို့ ပြင်သစ်ပရိသတ်တွေကို ပေါက်ကွဲနေတဲ့ ဒက်စ်ချမ့်စ်

ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်ဟာ ဗုဒ္ဓဟူးနေ့နံနက်က အိုက်စလန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်လူ အာဒရီယန်ရာဘီယော့ကို ပရိသတ်တွေ အော်ဟစ်လှောင်ပြောင်ခဲ့ကြလို့ ဒေါသအိုးပေါက်ကွဲနေပြီး လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ရာဘီယော့ဟာ မာဆေးလ်မှာကစားစဉ်က အသင်းဖော် ဂျိုနသန်ရိုဝီနဲ့ ပြဿနာဖြစ်ပွားခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ စီးရီးအေကလပ် အေစီမီလန်သို့ ပြောင်းရွှေ့ကစားနေသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကွင်းလယ်လူဟာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တည်ဆောက်နေပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့တော့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ 

အိုက်စလန်နဲ့ပွဲစဉ်မှာ ပြင်သစ်ဟာ ၂-၁ နဲ့ဦးဆောင်ထားနိုင်ချိန် ကွင်းလယ်လူ ချူအာမန်နီအနီကတ်ပြထုတ်ပယ်ခံရပြီးနောက် နည်းပြဒက်စ်ချမ့်စ်အနေနဲ့ ရာဘီယော့ကို လူစားလဲဝင်ရောက်စေခဲ့တာဖြစ်ပါတယ်။ ရာဘီယော့အနေနဲ့ ကွင်းထဲသို့မဝင်ခင် လူစားလဲဖို့စောင့်ဆိုင်းနေချိန်မှာပဲ ပြင်သစ်ပရိသတ်တွေက အောင်ဟစ်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကွင်းထဲသို့ဝင်ရောက်ကစားချိန် ဘောလုံးထိချက်တိုင်းမှာလည်း ဆက်လက်လှောင်ပြောင်ခဲ့ကြပါတယ်။ 

ဒါကြောင့် ပွဲအပြီးမှာ ဒက်စ်ချမ့်စ်က "ဒါက လက်မခံနိုင်စရာပါ။ သူက ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပြီး ဒီအသင်းရဲ့ဂျာစီကိုလည်း ဝတ်ဆင်ထားပါတယ်။ သူ ဒီအသင်းကိုရောက်လာပြီဆိုရင် ကျန်တဲ့ကိစ္စတွေက ကျွန်တော့်ရဲ့အာရုံထဲမှာမရှိပါဘူး။ ရာဘီယော့က သန်မာပြီး အသင်းကိုအကူအညီပေးနိုင်တဲ့ကစားသမားပါ"

"ဒီလို ဖြစ်ရတာ မကောင်းပါဘူး။ ဘယ်ကစားသမားကမှ ဒီလိုလှောင်ပြောင်မှုတွေနဲ့ မကြုံတွေ့ရသင့်ပါဘူး။ သူက ပြင်သစ်အသင်းမှာ နိုင်ငံအတွက်ပေးဆပ်နေတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ဒါက လက်မခံနိုင်စရာပါ" လို့ပြောကြားခဲ့ပါတယ်။

ရာဘီယော့ဟာ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာနေထိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ အသင်းနဲ့ပြဿနာတွေဖြစ်ပေါ်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ လမ်းခွဲခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့မိခင်ဖြစ်သူကလည်း ပီအက်စ်ဂျီနဲ့ သူနဲ့ကြား ပြဿနာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပီအက်စ်ဂျီကို တရားစွဲဆိုမှုတွေပါပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်ကို ပီအက်စ်ဂျီရဲ့အိမ်ကွင်းမှာကစားခဲ့တာဖြစ်ပြီး ယခင်ကပြဿနာတွေကို အခဲမကျေသေးတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေက ရာဘီယော့ကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ယခုရာသီအစ လီဂူးဝမ်း အဖွင့်ပွဲစဉ်မှာ ရာဘီယော့ဟာ မာဆေးလ်အတွက် ပါဝင်ကစားခဲ့ပေမယ့် ရန်းနက်စ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော် ရိုဝီနဲ့ ပြဿနာတက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ထားခဲ့ရပါတယ်။

မာဆေးလ်နဲ့ ပြဿနာမှာလည်း သူ့ရဲ့မိခင်က မာဆေးလ်ဟာ ရာဘီယော့အပေါ် သစ္စာဖောက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားခဲ့တယ်လို့သိပါတယ်။ သို့သော်လည်း မာဆေးလ်ဘက်ကတော့ ပြဿနာဖြစ်ပွားခဲ့တဲ့ ရာဘီယော့နဲ့ ရိုဝီတို့ ၂ ဦးစလုံးကို ချက်ချင်းပဲ အသင်းသစ်ရှာဖွေဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရာဘီယော့ဟာ အေစီမီလန်နဲ့ချိတ်ဆက်ထားပေမယ့် ၁ ပွဲသာပါဝင်ကစားခွင့်ရထားပါသေးတယ်။