
အင်တာမီယာမီနဲ့ အယ်လ်အာလီတို့ယှဉ်ပြိုင်သွားမယ့် ကလပ်ကမ္ဘာ့ဖလားဖွင့်ပွဲလက်မှတ်တွေ ရောင်းထွက်သွားကြောင်း ဖီဖာကြေညာ
ဖီဖာဥက္ကဌ ဂျီယန်နီအင်ဖန်တီနိုက ဇွန်လ ၁၅ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားဖွင့်ပွဲအဖြစ် အင်တာမီယာမီနဲ့ အယ်လ်အာလီတို့ယှဉ်ပြိုင်သွားမယ့် ပွဲစဉ်အတွက် လက်မှတ်အများအပြား ရောင်းထွက်သွားပြီဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ကနဦးမှာ ဖီဖာဟာအဆိုပါပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကို ဒေါ်လာ ၂၅၀ မှ ၃၅၀ အကြား သတ်မှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝယ်ယူသူအလွန်နည်းပါးတာကြောင့် ၅၅ ဒေါ်လာအထိ ဈေးချပေးခဲ့ရတာဖြစ်ပါတယ်။ အင်ဖန်တီနိုက "အင်တာမီယာမီနဲ့ အယ်လ်အာလီတို့ပွဲအတွက် လက်မှတ်တွေရောင်းထွက်သွားပါပြီ။ ဒီပွဲက သမိုင်းဝင်အသင်းတွေကစားသွားမှာဖြစ်လို့ သမိုင်းဝင်ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိပါတယ်။ ကွင်းထဲမှာ ပရိသတ်တွေ ပြည့်နေမှာပါ။ ကြိုတင်ခန့်မှန်းလို့မရတဲ့အခြေအနေကြောင့် အခက်အခဲဖြစ်ခဲ့တာတွေတော့ရှိပါတယ်"
"ကျွန်တော်တို့ကံကောင်းပါတယ်။ စပွန်ဆာတွေနဲ့ ရုပ်သံဌာနတွေရဲ့ အာရုံစိုက်မှု ကိုရရှိခဲ့ပြီး အရာရာအဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်အချို့တော့ ဝယ်ယူလို့ရနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ Ticketmaster ရဲ့အဆိုအရတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေရဲ့ လက်မှတ်တွေဟာ အများအပြားကျန်ရှိနေသေးပြီး ရောင်းမထွက်သေးဘူးလို့သိရပါတယ်။ အမေရိကန်သမ္မတ ထရန့်ရဲ့ လူဝင်မှုကြီးကြပ်ရေးကြောင့် လော့စ်အိန်ဂျလိစ်မှာယှဉ်ပြိုင်သွားမယ့် ပီအက်စ်ဂျီနဲ့ အက်သလက်တီကိုတို့ရဲ့ပွဲစဉ်အတွက် ပရိသတ်တွေအလုံအလောက်မရှိမှာကိုလည်း ဖီဖာက စိုးရိမ်ခြင်းမရှိကြောင်း အင်ဖန်တီနိုက ပြောပါတယ်။
အင်ဖန်တီနိုက "လုံခြုံရေးနဲ့သက်ဆိုင်တဲ့မေးခွန်းဖြစ်ပေမယ့် ကျွန်တော်ကတော့ ပရိသတ်တွေမရှိမှာ မစိုးရိမ်ပါဘူး။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးကတော့ ပွဲကိုလာကြည့်မယ့်ပရိသတ်ရဲ့ လုံခြုံရေးကို အာမခံနိုင်ဖို့ပါပဲ။ အာဏာပိုင်တွေလည်း ကွင်းထဲမှာရှိနေမှာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး"
"ပွဲစဉ်တွေကိုလာကြည့်တဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်း ကောင်းမွန်တဲ့အခိုက်အတန့်တွေရရှိဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပွဲထဲမှာပြဿနာမရှာဖို့တော့ တောင်းပန်ချင်ပါတယ်။ အရင်တုန်းကလည်း ဒီလိုဖြစ်ရပ်တွေကြုံတွေ့ခဲ့ဖူးပေမယ့် ပွဲစဉ်တွေကို အနှောင့်အယှက်မရှိကျင်းပသွားနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သမ္မတထရန့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ မကြာသေးမီက ဟေတီ၊ အီရန်၊ ဆိုမာလီးယား၊ ဆူဒန်၊ ယီမင်၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ လာအိုနိုင်ငံတို့ကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတာကြောင့် အဆိုပါနိုင်ငံသားတွေအနေနဲ့ ကလပ်ကမ္ဘာ့ဖလားကို အမေရိကန်နိုင်သို့ ဝင်ရောက်ကြည့်ရှုခွင့်ရမှာမဟုတ်ပါဘူး။
၂၀၂၆ ခုနှစ်၊ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီရန်အသင်းက ခြေစစ်ပွဲအောင်မြင်ထားခဲ့ပြီး၊ ဗင်နီဇွဲလားကလည်း ခြေစစ်ပွဲအောင်မြင်ဖို့အခွင့်အရေးရှိနေတာကြောင့် အဆိုပါနိုင်ငံတွေကို အမေရိကန်က ဆက်လက်ပိတ်ပင်ထားမှာလားလို့ မေးမြန်းခဲ့ရာ ဖီဖာက အမေရိကန်အနေနဲ့ အားကစားပြိုင်ပွဲတွေအတွက် ချမှတ်ထားတဲ့ပေါ်လစီအချို့ကို ပြောင်းလဲပြီး တားမြစ်ထားတဲ့နိုင်ငံတွေကို ခြွင်းချက်အနေနဲ့ နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ပုံစံအသင်းနဲ့ကျင်းပပြုလုပ်သွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်မှ၊ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာအနှံ့မှ အသင်းပေါင်း ၃၂ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။