
ယာမယ်လ်နဲ့အခြေအတင်ဖြစ်မှုသတင်းဖော်ပြချက်တွေကို ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့တဲ့ ဟန်စီဖလစ်ခ်
လမိုင်းယာမယ်လ်ပါဝင်တဲ့ ကတ္တလန်ကလပ်ရဲ့ကန့်လန့်ကာနောက်ကွယ်ရန်ပွဲတစ်ခုအကြောင်း သတင်းဖော်ပြချက်တွေကို ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ် သရော်လှောင်ပြောင်ခဲ့ပါတယ်။ စပိန်မှလာတဲ့သတင်းတွေအရ ဟန်စီဖလစ်ခ်က ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အသင်းအစည်းအဝေးတစ်ခုဆီ အချိန်နောက်ကျမှရောက်ရှိလာတဲ့ ယာမယ်လ်ကို အပြစ်ပေးနိုင်ဖို့ အားကစားဒါရိုက်တာဒေကိုနဲ့ တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။
ဟန်စီဖလစ်ခ်က အချိန်နောက်ကျမှုအပေါ် လုံးဝသည်းမခံတတ်တဲ့လူစားမျိုးဖြစ်ပြီး တောင်ပံကစားသမားကို အသင်းလူစာရင်းမှထုတ်ပယ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါကြောင့် ဒေကိုအတွက် ပွဲထွက်လူစာရင်းမှာ ယာမယ်လ်ကို ဆက်ထိန်းထားနိုင်ဖို့နဲ့ ပုဂ္ဂိုလ်ရေးအရကြားဝင်ညှိနှိုင်းပေးဖို့ပဲ ကျန်ရှိပါတော့တယ်။ ဒီဇာတ်လမ်းအကြောင်း မေးမြန်းလာချိန် ဟန်စီဖလစ်ခ်မှာ မီဒီယာတွေရှေ့မှောက် အသောမသတ်နိုင်အောင် ရယ်မောနေခဲ့ပြီး ဇာတ်လမ်းအဆုံးသတ်သွားစေမယ့်အခွင့်အလမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဟန်စီဖလစ်ခ်က “ ဒီလိုကောလာဟလမျိုး ဘယ်နေရာမှထွက်လာသလဲဆိုတာ သိချင်မိပါတယ်။စကားလုံးတွေအတွက် ကြိုပြီးတော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းကြီးကတော့ လုံးဝချီးထုပ်ပါပဲ။ ကလပ်အသင်းမှာ ဒေကိုနဲ့အတူ ကျွန်တော်က ကျွန်တော်တို့အလုပ်အပေါ် ယုံကြည်ထားမှုကို တကယ့်ကို တန်ဖိုးထားပါတယ်။ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်အဝရှိပြီး ဒီလိုမေးခွန်းထုတ်မှုမျိုး ဘယ်တော့မှရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ချီးထုပ်ဇာတ်လမ်းလို့ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ ဒါကြီးက မမှန်ကန်ဘူးဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှကွယ်ဝှက်နေစရာ မရှိပါဘူး။
တစ်စုံတစ်ဦးက လာပြောမယ်ဆိုရင်လည်း လာပြောနေတဲ့သူ လိမ်ညာနေလို့ပါပဲ”လို့ ပြောပါတယ်။ ဒီသတင်းမှာပဲ ယာမယ်လ်ရဲ့ကွင်းပြင်ပအပြုအမူတွေအပေါ်ရည်ရွယ်တဲ့ ရှည်လျားတဲ့စွပ်စွဲချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တောင်ပံကစားသမားက သူ့ရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို လူမြင်ကွင်းမှာ မကြာသေးမီကာလအတွင်း ကျင်းပခဲ့ပြီးနောက် သိသာထင်ရှားတဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးအမ်ဘာပေကတော့ ချက်ချင်းဆိုသလိုပဲ ယာမယ်လ်ရဲ့ပုဂ္ဂလိကလူနေမှုဘဝပုံစံကို ကာကွယ်ပေးခဲ့သလို ဒီလမ်းစဉ်ကိုပဲ သောကြာနေ့မှာ ဟန်စီဖလစ်ခ်ကိုယ်တိုင် လိုက်နာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြက “ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက အသင်းမှာရှိနေချိန် ယာမယ်လ်ကိုယ်တိုင် အလုပ်ကြိုးစားနေဖို့ပဲ ဖြစ်ပါတယ်။ သူက အလွန်ပရော်ဖက်ရှင်နယ်ဆန်တဲ့လူ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာတော့ သူ့ရဲ့ကိုယ်ပိုင်ဘဝသီးသန့်ရှိပါတယ်။ ဒါကိုတော့ ကျွန်တော် နှောင့်ယှက်လို့မရပါဘူး။ သူ့ဘဝနဲ့သူပါပဲ”လို့ ပြောပါတယ်။
ပေါင်ခြံဒဏ်ရာမှသက်သာလာတဲ့ ယာမယ်လ်က လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်တက်လှမ်းဖို့ မျှော်လင့်နေတဲ့ ဘာစီလိုနာအတွက် အခုညပိုင်း၊ ဂျီရိုနာကိုဧည့်ခံတဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ပါလိမ့်မယ်။