
ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အနေနဲ့ ဘာတွေသင်ခန်းစာရခဲ့သလဲ ပြောပြလာတဲ့ ဆာကာ
အာဆင်နယ်တိုက်စစ်ကြယ်ပွင့် ဘူကာယိုဆာကာက အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပီအက်စ်ဂျီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဘာတွေမှားယွင်းခဲ့ပြီး ဘယ်လိုသင်ခန်းစာတွေရရှိခဲ့သလဲဆိုတာ ဆွေးနွေးပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့စလုံးအနိုင်ယူခဲ့တာကြောင့် ချန်ပီယံဖြစ်ဖို့အတွက် အလားအလာအရှိဆုံးအသင်းအဖြစ် ရေပန်းစားခဲ့ပြီး အသင်းရဲ့တိုက်စစ်၊ ခံစစ်ကစားပုံကလည်း အတော်လေးဟန်ချက်ညီနေခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာပီအက်စ်ဂျီကတော့ ပြိုင်ပွဲအတွင်း တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုး မထိန်းသိမ်းနိုင်ခဲ့ပေမယ့် လီဗာပူးကိုအနိုင်ရအောင်ကစားပြီး ဆီမီးဖိုင်နယ်သို့တက်လှမ်းကာ အာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်လို ချန်ပီယံလိဂ်အတွေ့အကြုံရင့်အသင်းကြီးတစ်သင်းကိုဖြုတ်ချနိုင်ခဲ့တဲ့ အာဆင်နယ်အနေနဲ့ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီလို ချန်ပီယံလိဂ်အစဉ်အလာမရှိတဲ့ အသင်းတစ်သင်းကို သက်တောင့်သက်သာပဲကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် အာဆင်နယ်ဟာ ပြင်သစ်ချန်ပီယံတွေကို ၂ ကျော့စလုံးရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ အဆိုပါချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ သင်ခန်းစာတွေရရှိခဲ့ကြောင်းကို ဆာကာက "အဲဒီဆီမီးဖိုင်နယ်ပွဲစဉ်တွေက ပင်နယ်တီဧရိယာထဲမှာပဲ အဆုံးအဖြတ်ပေးသွားခဲ့တာပါ။ ပီအက်စ်ဂျီဂိုးသမားက အဲဒီတုန်းက အတော်လေးကောင်းခဲ့ပြီး မယုံနိုင်စရာကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာကလည်း ကျွန်တော်တို့ရဲ့ညံ့ဖျင်းမှုကြောင့်ပါပဲ"
"ကျွန်တော်တို့မှာ ဗိုလ်လုပွဲကိုတက်ရောက်ဖို့အတွက် လုံလောက်တဲ့အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးပေါက်ထဲကိုဝင်ဖို့အတွက်တော့ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာပါ။ ဒါက ကျွန်တော်တို့အတွက် အကြီးမားဆုံးသော သင်ခန်းစာဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ဆာကာပြောခဲ့သလိုပဲ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ခဲ့ရာမှာ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအခွင့်အရေးတွေ အများအပြားရရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေလည်း အသာစီးရခဲ့ပေမယ့် ဒွန်နာရမ်မာရဲ့လက်စွမ်းပြမှုကြောင့် သွင်းဂိုးရရှိဖို့တော့ အတော်လေးခက်ခဲခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာတော့ အာဆင်နယ်အနေနဲ့ အခုလို နာကျင်ရတဲ့အတွေ့အကြုံတွေကို တွန်းအားအနေနဲ့အသုံးချပြီး ချန်ပီယံလိဂ်ဆုဖလားကို နောက်ထပ်တစ်ကြိမ်ထပ်မံစိန်ခေါ်သွားနိုင်မလား ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။