The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်တောင်မရခဲ့တဲ့ ယော်ကရက်စ်ကို အာတီတာကာကွယ်ပြောဆို

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက တနင်္ဂနွေနေ့ညက မန်ချက်စတာစီးတီးကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ တိုက်စစ်မှူး ဗစ်တာယော်ကရက်စ်ကို ကာကွယ်ပြောဆိုမှု‌တွေပြုလုပ်လာခဲ့ပါတယ်။ 

ပေါင် ၆၄ သန်းတန်တိုက်စစ်မှူးဟာ မန်စီးတီးရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းချက်တောင်ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့စိတ်ပျက်မှုနဲ့ ကြုံတွေ့နေရပြီး အသင်းပေါ် သူ့ရဲ့အကျိုးသက်ရောက်မှုကိုလည်း မေးခွန်းထုတ်ခံနေရတာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ယော်ကရက်စ်ဟာ အာဆင်နယ်အတွက် မိနစ် ၉၀ အပြည့်အဝ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ဘောလုံးထိချက် ၂၄ ကြိမ်သာရှိခဲ့တာကြောင့် ကွင်းထဲမှာ ဘောလုံးထိချက်အနည်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟာ ဂိုးပေါက်ကန်သွင်းချက် ၁ ကြိမ်မှမရခဲ့တဲ့အပြင် တစ်ဦးချင်းကျော်ဖြတ်မှုလည်း မပြုလုပ်နိုင်ခဲ့သလို၊ ဘောလုံးဆုံးရှုံးမှု ၁၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ 

မန်စီးတီးအနေနဲ့ယခုပွဲစဉ်မှာ ပွဲအစ ၉ မိနစ်မှာပဲရရှိခဲ့တဲ့ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့သွင်းဂိုးနဲ့အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် လူစားဝင်ကစားသမား ဂါဘရီရယ်မာတင်နယ်လီက ပွဲပြီးကာနီးမှာ အာဆင်နယ်အတွက် ပြန်လည်ချေပပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ယော်ကရက်စ်ရဲ့ခြေစွမ်းကို မေးခွန်းထုတ်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပေမယ့် အာတီတာကတော့ သူ့ရဲ့တိုက်စစ်မှူးကို ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ 

စပိန်သားနည်းပြက "ဒီနေ့ပွဲမှာ ကျွန်တော်တို့ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပြီး သူတို့ဂိုးဧရိယာအတွင်း ကောင်းမွန်တဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။အထူးသဖြင့် ကျွန်တော်တို့လုပ်ခဲ့တဲ့ ပေးပို့မှုတွေထဲက ၃ ကြိမ်ကတော့ ဂိုးရဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ တိုက်စစ်မှူးတွေအတွက်တော့ အရမ်းကောင်းတဲ့အခွင့်အရေးရဖို့ အတော်လေးခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ယော်ကရက်စ်အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ပြီး ကျွန်တော်တို့ကလည်း သူ့ကိုကူညီပေးနိုင်ဖို့ လိုပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဘက်က နောက်ဆုံးပေးပို့မှုတွေမှာလည်း လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ပေးပို့မှုတွေက သိသာနေတော့ ပြိုင်ဘက်က အချိန်မီဟန့်တားနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယော်ကရက်စ်ဟာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရချိန်မှာ ခြေစွမ်းပြသဖို့ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိသွင်းယူထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၃ ဂိုးဟာ တန်းတက်လိဒ်နဲ့ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကိုသွင်းယူထားခဲ့တာဖြစ်ပါတယ်။ ဆွီဒင်သားရဲ့ အခုလို ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းပျောက်ဆုံးမှုဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်လာစေပါတယ်။သို့သော်လည်း အာတီတာနဲ့ အာဆင်နယ်ကစားသမားတွေကတော့ ယော်ကရက်စ်အပေါ်မှာ ယုံကြည်မှုရှိနေပြီး အားပေးထောက်ခံမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ပေါ့ဗေးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။