
ရီးရဲလ်မက်ဒရစ်နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးလိုခြင်းမရှိတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ဘရာဇီးလက်ရွေးစင်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသလို၊ ယခုအခါမှာ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းရာမှာလည်း ဖြေကြားလိုခြင်းမရှိကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
မကြာသေးမီက အန်ဆယ်လော့တီတစ်ယောက် ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကိုစွန့်ခွာပြီး ဘရာဇီးအသင်းသို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ပြီး ဘရာဇီးဘက်ကလည်း အီတလီသားကို အီကွေဒေါ၊ ပါရာဂွေးတို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမတိုင်မီ ခန့်အပ်လိုခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိအချိန်အထိတော့ အန်ဆယ်လော့တီဟာ ရီးရဲလမက်ဒရစ်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးသလို၊ ဘရာဇီးဘက်ကလည်း ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ အတည်မပြုရသေးပါဘူး။ ဒီရာသီမှာ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးနိုင်ဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာခဲ့ရသလို၊ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာလည်း အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာကို အရေးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။
လက်ရှိနောက်ဆုံးကျန်ရှိတဲ့ လာလီဂါအမှတ်ပေဖလားပြိုင်ပွဲမှာလည်း ရီးရဲလ်မက်ဒရစ်ဟာ အဆင့် ၂ နေရာမှာသာ ရပ်တည်ထားနိုင်ပြီး ထိပ်ဆုံးက ဘာစီလိုနာကို အမီလိုက်ဖို့ ရုန်းကန်နေရပါတယ်။ ရာသီကုန်ဖို့က ၅ ပွဲသာကျန်ရှိတော့ပေမယ့် ဘာစီလိုနာနဲ့ ၄ မှတ်အထိကွာဟနေသေးတာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဆုဖလားမျှော်လင့်ချက်ဟာ ပီပီပြင်ပြင်မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ယခုအခါမှာ အန်ဆယ်လော့တီက “လောလောဆယ်မှာ ကျွန်တော်မနက်ဖြန်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အဲဒီပွဲမှာ အနိုင်ရဖို့အရေးကြီးပါတယ်။ ပြီးရင်တော့ နောက်ထပ်တစ်ပွဲအတွက် ထပ်မံပြီး အာရုံစိုက်ရပါမယ်။ ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့ ယှဉ်ပြိုင်ခွင့်ရှိနေပါသေးတယ်”
“ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ပြောချင်နေကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မပြောချင်ပါဘူး။ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်ရဲ့အနာဂတ်အကြောင်းကို မပြောချင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိလာလီဂါချန်ပီယံတွေဟာ တနင်္ဂနွေနေ့မှာ ဆယ်လ်တာဗီဂိုကို အိမ်ကွင်း ဆန်တီယာဂိုဘာနေဗျူးမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ အမှတ်မပြတ်စေဖို့ သေချာပေါက်အနိုင်ကစားသွားရပါမယ်။