
အင်တာမိုင်ယာမီမှာ စာချုပ်သက်တမ်းတိုးဖို့ အလားအလာကောင်းနေတဲ့ မက်ဆီ
အင်တာမိုင်ယာမီနည်းပြ ယာဗီယာမာရှေရာနိုက အသင်းရဲ့ကမ္ဘာကျော်ကစားသမား လီယွန်နယ်မက်ဆီရဲ့ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး အကောင်းမြင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီရဲ့လက်ရှိစာချုပ်က ဒီဇင်ဘာလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။
နီကာဆာအသင်းနဲ့ ကစားမယ့် လိဂ်ဖလားပွဲစဉ်မတိုင်ခင် မာရှေရာနိုက “လီယိုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အားလုံး သူ့ရဲ့စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်ပါတယ်။ ဒါက သူ့နဲ့ ကလပ်အသင်းကြားက သီးသန့်ကိစ္စဖြစ်တာကြောင့် ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။ သဘောတူညီမှုရရှိတဲ့အခါ သူတို့ပဲ ထုတ်ပြန်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိခဲ့ပြီး ကလပ်အသင်းကလည်း သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
နည်းပြ မာရှေရာနိုက လာမယ့်ပွဲစဉ်မှာ မက်ဆီပါဝင်ကစားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး အိမ်ကွင်းပွဲစဉ်တွေများပြားတာကြောင့် ခရီးသွားရတဲ့ဒဏ်ကို သက်သာစေပြီး အကျိုးကျေးဇူးများစွာရရှိတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ ဒုတိယမြောက်အောင်ပွဲရရှိဖို့အတွက် နီကာဆာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ရောက်ဖို့ ပိုမိုနီးစပ်လာမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။