The network connection is lost.

Banner Image

လမိုင်းယာမယ်လ်ရဲ့ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကြောင့် ဘော်လွန်းဒီအော်ဆုများရှင် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ ဂါဗီ

နေ့စဉ်နေ့တိုင်းတိုးတက်လာနေတဲ့ အသင်းဖော်လမိုင်းယာမယ်လ်အနေဖြင့် ဘော်လွန်းဒီအော်ဆုများစွာ ပိုင်ဆိုင်ကာ ကစားသမားဘဝကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဂါဗီက အလေးအနက်ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာကွင်းလယ်ကစားသမားဂါဗီက အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်မဖြစ်လာရင်တောင် ယာမယ်လ်ရဲ့ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကြောင့် အနာဂတ်မှာ ဘော်လွန်းဒီအော်ဆုများစွာ ရရှိလိမ့်မယ်လို့ သံသယမရှိယုံကြည်နေပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း ယာမယ်လ်က ကတ္တလန်သားတွေကို လာလီဂါ၊ ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားတို့မှာ အနိုင်ရဗိုလ်စွဲအောင်ကူညီပေးပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားစာရင်းဝင်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ သူက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ အင်တာမီလန်ကို အရေးမနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေမယ့် ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ခရီးလမ်းတလျှောက်လုံးမှာတော့ အကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ ခြုံပြီးပြောရရင် ယာမယ်လ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၂၁ ဂိုးသွင်း၊ ၂၅ ကြိမ် ဂိုးဖန်တီးကာ ဒီနှစ်ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းစားသူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

AS သတင်းဌာနနဲ့တွေ့ဆုံချိန် ဂါဗီက “ဘော်လွန်းဒီအော်ဆုကို လမိုင်းယာမယ်လ်ရရှိမယ်လို့ မျှော်လင့်မိပါတယ်။ ဒီနှစ်အတွက် ဒီဆုကို သူမရရှိဘူးဆိုရင်တောင် သူ့အသက်က ၁၈ နှစ်ပဲရှိသေးလို့ ငယ်ရွယ်နေပါသေးတယ်။ ရေပန်းစားသူတွေထဲမှာ ပါဝင်လာရတာလည်း ထူးခြားမှုတစ်ခုပါ။ ကျွန်တော်တို့နဲ့အတူ သူလုပ်ပြနေတဲ့အရာတွေအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။

မယုံကြည်နိုင်လောက်စရာကစားသမားတစ်ဦးဖြစ်ပြီး နေ့တိုင်းလည်း ပိုပိုပြီးတော့ ကောင်းမွန်လာပါတယ်။ လေ့ကျင့်ရေးကွင်းမှာဆိုရင်လည်း သူ့ရဲ့ခြေစွမ်းက အံ့ဖွယ်ပါပဲ။ ဒီလိုစိတ်ဓါတ်ပိုင်း၊ ဒီလိုခြေစွမ်းပိုင်းကို သူဆက်ထိန်းထားရပါမယ်။ ဒါဆိုရင် အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်မဖြစ်လာဘူးဆိုရင်တောင် အနာဂတ်မှာ ဘော်လွန်းဒီအော်ဆုများစွာကို လမိုင်းယာမယ်လ် ဆွတ်ခူးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဘာစီလိုနာအသင်းက အာရှရာသီကြိုခရီးစဉ်ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၄ ရက်မှာ Daegu FC နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။ ဒီနောက်မှာတော့ သူတို့တွေက စပိန်နိုင်ငံဆီ ပြန်လည်ထွက်ခွာပြီး ဂျိုအမ်ဂမ်ပါဖလားပွဲစဉ်အဖြစ် ကိုမိုနဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။ သြဂုတ် ၁၆ ရက်မှာတော့ မာယော့ကာနဲ့ လာလီဂါရာသီအဖွင့်အဝေးကွင်းပွဲစဉ်ကလည်း သူတို့ကို စောင့်ဆိုင်းနေပါတယ်။