The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ဆီ ဖလော်ရီယန်ဝစ်ဇ်မပြောင်းရွှေ့လို့ အားရကျေနပ်နေတဲ့ လေဗာကူဆင်အသင်းစီအီးအို

ဘိုင်ယန်မြူးနစ်ကိုငြင်းပယ်ကာ လီဗာပူးဆီပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကျေနပ်ပျော်ရွှင်မိတယ်လို့ လေဗာကူဆင်အသင်းစီအီးအိုဖာနန်ဒိုကာရိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်တာဗျူးအစီအစဉ်တစ်ခုအတွင်း ဖလော်ရီယန်ဝစ်ဇ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဒေါ့မွန်စီအီးအိုအကီဝက်ဇ်ကီနဲ့ လေဗာကူဆင်စီအီးအိုတို့အကြား သဘောကွဲလွဲခဲ့ကြပါတယ်။

ကာရိုက “ အမှန်ပါပဲ၊ အရိုးသားဆုံးပြောရရင် ကျွန်တော့်ဆီမှာ ဝက်ဇ်ကီနဲ့မတူညီတဲ့ အမြင်တစ်ခုရှိပါတယ်။ ဒေါ့မွန်စီးအီးအိုတစ်ဦးအနေနဲ့ ဖလော်ရီယန်ဝစ်ဇ် မြူးနစ်မြို့ဆီရောက်ရှိသွားတာကို ပျော်ရွှင်နေသင့်တယ်ဆိုတဲ့ အကြောင်းပြချက်အပေါ် ကျွန်တော်တော့ နားလည်မပေးနိုင်ပါဘူး။

အဲ့ဒီလိုဆိုရင် ဘိုင်ယန်မြူးနစ်က အခုထက်တောင် ပိုပြီး အင်အားတောင့်တင်းလာပါလိမ့်မယ်။ ကျွန်တော်က စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတစ်ခုကို လိုချင်တာပါ။ ဘိုင်ယန်မြူးနစ်အတွက် ကျွန်တော်တို့အပြင် အခြားပြိုင်ဘက်ကောင်းတွေ ပိုပြီးရှိလာမယ်ဆိုရင် ကျွန်တော်ပျော်ရွှင်မိပါမယ်။ ဒါက ဘွန်ဒက်စ်လီဂါအတွက်လည်း အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လီဗာပူးကိုရွေးလိုက်ပြီလို့ ဖလော်ရီယန်ဝစ်ဇ်နဲ့ သူ့မိဘတွေ ကျွန်တော်တို့ဆီ ပြောကြားလာချိန် ကျွန်တော်တို့ ဝမ်းမနည်းမိပါဘူး။ နိုင်ငံရပ်ခြားပြောင်းရွှေ့မယ့်ကိစ္စကိုနှစ်သက်တယ်ဆိုတာ လျှို့ဝှက်ထားစရာမဟုတ်ပါဘူး”လို့ ပြောပါတယ်။ အခုနွေရာသီအစောပိုင်းကာလအတွင်း ဘာဗေးရီးယန်းသားတွေဆီမှ အကောင်းဆုံးကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် အသက်-၂၂ နှစ်အရွယ်ကစားသမားကတော့ သူ့အတွက်ရွေးချယ်ခွင့်တွေကို ချိန်ဆကာ ကြိုးကြာနီတွေဆီ စံချိန်တင်ငွေကြေးပမာဏဖြင့် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆက်လက်ပြီး ကာရိုက ဖလော်ရီယန်ဝစ်ဇ်အပေါ် ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုနဲ့ အပြောင်းအရွှေ့အတွက် ချဉ်းကပ်ခဲ့ပုံကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

“ နွေဦးမှာပဲ ဘိုင်ယန်မြူးနစ်အကြီးအကဲအချို့က ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်ပြီး ဆွေးနွေးချင်တယ်လို့ ကျွန်တော်တို့ဆီ ဆက်သွယ်လာခဲ့ပါတယ်။ ကျွန်တော်က ကိုယ့်ရဲ့အကောင်းဆုံးကစားသမားကို မြူးနစ်မြို့ဆီစေလွှတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အပြတ်ပြောလိုက်ပါတယ်။ နောက်တော့ ဆွေးနွေးမှုလည်း မရှိတော့ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် သူတို့ကိုရွေးချယ်လိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်က ယုံကြည်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ကို အခြားသတင်းအချက်အလက်တွေ ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်”လို့ ကာရိုက ဆက်ရှင်းပြပါတယ်။