
အီကီတီကီ၊ အီဆက်ခ် တွဲဖက်ကစားနိုင်မဲ့အခင်းအကျင်းကို အရိပ်အမြွက်ဖွင့်ဟလာတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အခုဘောလုံးရာသီမှာ အီကီတီကီနဲ့ အီဆက်ခ်တို့ အတူတကွတွဲဖက်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက်-၂၃ နှစ်အရွယ်အီကီတီကီက ဖရန့်ဖတ်မှ ပေါင် ၇၉ သန်းဖြင့် ရောက်ရှိလာပြီးနောက် တစ်လကျော်အကြာ၊ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အီဆက်ခ်လည်း ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် နယူးကာဆယ်မှ လီဗာပူးဆီ ရောက်ရှိလာခဲ့ပါတယ်။
အခုလိုအီဆက်ခ်ရောက်ရှိလာမှုနဲ့အတူ အီကီတီကီရဲ့တိုးတက်မှုအပေါ် အဟန့်အတားဖြစ်စေမလားဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာပေမယ့် အန်းစလော့က ပြင်သစ်သားကို တောင်ပံသို့ပို့ဆောင်ခြင်းဖြင့် အခုရာသီ၊ သူ့အသင်းမှာ နှစ်ဦးလုံးကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ စနေနေ့၊ မာဆေးဆိုဒ်ဒါဘီမတိုင်ခင် အန်းစလော့က “ ကိစ္စတွေအများကြီးစဉ်းစားထားလို့ သူတို့နှစ်ဦးတွဲဖက်ကစားနိုင်ဖို့လည်း စဉ်းစားထားပါတယ်။ နှစ်ဦးလုံးသာ အကောင်းဆုံးပုံစံရရှိနေမယ်ဆိုရင် ဒါကို စဉ်းစားပေးရပါမယ်။ ဒါပေမဲ့ တဖက်မှာလည်း ကျွန်တော်တို့က ၄-၃-၃ အခြေခံဖွဲ့စည်းပုံရှိပြီး အဆုံးသတ်အပိုင်းမှာ တိုက်စစ်မှူးနှစ်ဦးလုံးနဲ့အတူ တွဲဖက်ကစားခဲ့တယ်ဆိုတာ ရှင်းလင်းပါတယ်။ အီကီတီကီက ဘယ်ခြမ်းမှာ ကစားနိုင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အသင်းလူစာရင်းနဲ့ပတ်သက်လို့ ကောင်းတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ တစ်ဦးဦးသာ ကြံ့ခိုင်မှုအဆင်မပြေရင် ၄-၄-၂ ကစားဟန်ကို သုံးစွဲနိုင်ပါတယ်။ ဒါက ပုံစံကောင်းရှိ၊မရှိနဲ့ ကြံ့ခိုင်မှုအပေါ်မှာ မူတည်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အက်သလက်တီကိုမက်ဒရစ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အီဆက်ခ်က လီဗာပူးကစားသမားဘဝပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲအစမိနစ်ပိုင်းမှာတင် လီဗာပူးက နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေ ပြန်ပေးရပြီး သရေကျဖို့အထိ နီးစပ်သွားပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ ဗန်ဒိုက်ရဲ့အနိုင်ဂိုးရရှိခဲ့ပြီး လီဗာပူးအတွက် နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ အသည်းအသန်ပြန်အနိုင်ယူခဲ့တဲ့ အခုရာသီ၊ တတိယမြောက်နိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ အခုလိုဆုတ်ယုတ်မှုများမှ ပြန်လည်ကာကွယ်နိုင်ဖို့ သူ့အသင်းရဲ့စွမ်းရည်ကို တန်ဖိုးထားကာ မစိုးရိမ်မိပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ ငါးပွဲပဲကစားရသေးလို့ ရေရှည်သွားချင်တဲ့ပုံစံကို မြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ရှုံးနိမ့်သွားမယ်ဆိုရင် မကောင်းပါဘူး။ ဒါကြောင့် အခြားအရာတွေလိုပဲ တိုးတက်လာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့ အရေးပေါ်အချိန်ဆိုရင် ကျွန်တော်တို့အသင်း ဂိုးသွင်းယူနိုင်တယ်ဆိုတာပါပဲ။ ပွဲစဉ်တိုင်းမှာ ရုပ်ပိုင်း၊ စိတ်ပိုင်း အစွမ်းကုန်အသုံးချရမယ်ဆိုရင် ရာသီကုန်မှာ စွမ်းအင်တွေ ကုန်ခန်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအနိုင်ရရှိတဲ့ပွဲစဉ်တွေက ကောင်းမွန်ပေမဲ့ တစ်ချိန်လုံးလုပ်သွားဖို့တော့ မသင့်တော်ပါဘူး။ ကျွန်တော်တို့အတွက် ပိုမိုကျစ်ကျစ်လစ်လစ်နဲ့ အေးအေးဆေးဆေး ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းစိတ်ဓါတ်ပိုင်းကို သဘောကျပါတယ်”လို့ ပြောပါတယ်။