The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အံ့အားသင့်ဖွယ်ရေပန်းစားနေသူတွေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မိုဆာလက်

မိုဆာလက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် လီဗာပူးကို မသတ်မှတ်ထားဘူးလို့ အံ့အားသင့်ဖွယ် ဆွေးနွေးခဲ့ပါတယ်။ မိုဆာလက်က နည်းပြသစ်အန်းစလော့လက်အောက် ပထမဆုံးဘောလုံးရာသီမှာ ကြိုးကြာနီတွေရဲ့စံချိန်တင် အကြိမ် ၂၀ မြောက် အင်္ဂလန်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

အခုနွေရာသီကာလမှာလည်း မိုဆာလက်ရဲ့အသင်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖလော်ရီယန်ဝစ်ဇ် အပါအဝင် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲရင်း သူတို့ရဲ့တိုးတက်နေမှုကို မရပ်တန့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ချန်ပီယံဆုအတွက် မန်စီးတီး၊ အာဆင်နယ်တို့ရဲ့အပြင်းအထန်ပြင်ဆင်မှုတွေကြောင့် လီဗာပူးအတွက် အခုဘောလုံးရာသီမှာ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသားဦးဆောင်သွားဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ 

မိုဆာလက်ကိုယ်တိုင်လည်း နောက်ဆုံးသုံးရာသီဆက် ဒုတိယနေရာနဲ့အဆုံးသတ်ခဲ့ပြီးနောက် အခုဘောလုံးရာသီမှာ ဦးဆုံးပန်းဝင်သွားနိုင်သူတွေအဖြစ် ဂန်းနားတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ယမန်နေ့(အင်္ဂါနေ့)၊ PFA အကောင်းဆုံးဆုချီးမြှင့်ပွဲအတွင်း ဂန်းနားတွေရဲ့ချန်ပီယံဆုမျှော်လင့်ချက်အကြောင်း မေးမြန်းလာမှု ကို မိုဆာလက်က “ ပြီးခဲ့တဲ့ဘောလုံးရာသီလိုပဲ အခုဘောလုံးရာသီမှာလည်း အာဆင်နယ်အတွက် အရမ်းကောင်းတဲ့အသင်းတစ်ခုရှိနေပြီလို့ ထင်ပါတယ်။

ဒါကြောင့် အရမ်းကောင်းတဲ့အခွင့်အရေးလည်း ရှိနေပါတယ်။ ငါးနှစ်ကြာတွဲဖက်ကစားဖူးတဲ့ ကစားသမားတွေကြောင့်ပဲ အခုတော့ ရေပန်းအစားဆုံးဖြစ်လာပြီလို့ ထင်ပါတယ်။ ကံကောင်းပါစေလို့တော့ ကျွန်တော် ဆုတောင်းမပေးနိုင်ပါဘူး၊ ကျွန်တော်တို့တွေ နောက်တစ်ကြိမ်ယှဉ်ပြိုင်သွားကြဖို့ကိုပဲ မျှော်လင့်မိပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ အစွမ်းပြခဲ့တဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ မိုဆာလက်က “ ကျွန်တော်လည်း တဖြည်းဖြည်းတော့ အသက်အရွယ်ရလာပါပြီ။ အခုအချိန်ထိတော့ ဖိအားတွေကို ပိုမိုကိုင်တွယ်နိုင်ဦးမယ်လို့ ယူဆထားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ အံ့မခန်းဖြစ်ပါတယ်။ ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးရာသီပါ။ အရမ်းကောင်းသွားလို့လည်း ဝမ်းမြောက်မိပါတယ်။ အသင်းကို အခုလိုမျိုးအကျိုးပြုပြီး လီဗာပူးနဲ့အတူ ပရီမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်းက မယုံကြည်နိုင်စရာကောင်းခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။ 

အလားတူ တဖက်မှာလည်း အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ယူရင်း သူတို့ရဲ့ဘောလုံးရာသီသစ်ကို စတင်ထားခဲ့ပါတယ်။