
The network connection is lost.

အင်္ဂလန်နဲ့ စကော့တလန်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်က ၁-၃ နဲ့ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သော်လည်း နောက်ခံလူ ဟယ်ရီမက်ဂွါရီကတော့ ခက်ခဲတဲ့ ညတစ်ညကိုဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ ဗဟိုခံစစ်မှူးဟာ ဒုတိယပိုင်းမှာ လူစားဝင်ရောက်ရှိလာပြီး ကောင်းမွန်စွာကစားခဲ့သော်လည်း ကံမကောင်းစွာနဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် အင်္ဂလန် ပရိသတ်တွေရဲ့ အညှာတာကင်းမဲ့စွာ အော်ဟစ်လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။
ဘောလုံးနဲ့ထိလိုက်တဲ့ အကြိမ်တိုင်းမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုခံခဲ့ရသော်လည်း ယခုအခါမှာ ကစားသမားက ဖိအားတွေကိုကိုင်တွယ်နိုင်တယ်လို့ ကြွေးကြော်လိုက်တာဖြစ်ပါတယ်။ စကော့တလန်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မီဒီယာတွေနဲ့ အွန်လိုင်းပေါ်မှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ဝေဖန်တိုက်ခိုက်မှုတွေအားလုံးကို မက်ဂွါရီက ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းပြောဆိုခဲ့ပြီး အသင်းဖော်တွေကိုထိခိုက်စေမယ့် အာရုံစူးစိုက်မှုတွေနဲ့ ဖိအားတွေက မိမိအပေါ်စုပြုံရောက်ရှိလာတဲ့အတွက် အသင်းအတွက် အပြုသဘောဆောင်တယ်လို့ ထပ်လောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နောက်ခံလူမက်ဂွါရီအပေါ် ဆိုးဝါးစွာ ဝေဖန်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပြီး ကစားသမားဟာ အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ စကော့တလန်ပရိသတ်တွေရဲ့ နောက်ခံလူအပေါ် လှောင်ပြောင်မှုတွေကို ၎င်းအနေနဲ့ နားလည်ပေးနိုင်သော်လည်း အဆိုပါလှောင်ပြောင်မှုတွေက မိမိတို့ အင်္ဂလန်ပရိသတ်တွေထံမှကူးစက်သွားခဲ့တာကိုတော့ စိတ်ပျက်မိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့လှောင်ပြောင်မှုတွေနဲ့ ပတ်သက်ပြီး မက်ဂွါရီက "ကျွန်တော်က စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုတိုက်ခိုက်နေရတဲ့လူတစ်ယောက်မဟုတ်ဘူးလို့တော့ မပြောပါဘူး။ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ၄ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်းမှာလည်း ဒီလိုမျိုးဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။ တာဝန်ယူမှု ပမာဏကြီးမားလာပြီဆိုရင် အဲဒါနဲ့အတူ အကောင်းနဲ့အဆိုးတွေလည်း ဒွန်တွဲပါလာတတ်ပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ အသားကျနေပြီလို့တော့ ကျွန်တော်မပြောပါဘူး။
ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ဖိအားတွေက အသင်းဖော်တွေဆီမရောက်ဘဲ ကျွန်တော့်ဆီကိုပဲ စုပြုံရောက်လာတယ်ဆိုတာကောင်းပါတယ်။ ဒါမှသူတို့ ဖိအားကင်းကင်းနဲ့နေနိုင်ပြီး ကောင်းမွန်တဲ့ကစားပုံတွေရရှိနိုင်မှာပါ။ စကော့တလန်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကတော့ ကျီစယ်မှုအနည်းငယ်နဲ့အတူ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး "ကျွန်တော်တို့ ကံမကောင်းစွာနဲ့ သူတို့ကိုသွင်းဂိုး တစ်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်းကိုတော့ ကျွန်တော်တို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်ရရှိခဲ့လို့ ပျော်ရွှင်မိပါတယ်။ ကျွန်တော့်အတွက်ဖိအားတွေရှိခဲ့တယ်ဆိုပေမယ့် အဲဒီအတွက် စိတ်မပူပါနဲ့လို့ပြောချင်ပါတယ်။ ကျွန်တော် အင်္ဂလန်အတွက် ၅၉ ပွဲကျော် ကစားဖူးတယ်ဆိုတာ ပရိသတ်တွေအမြင်ပါပဲ။ အသင်းနဲ့အတူ အရေးပါတဲ့ နိုင်ငံတကာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင်ထားပါတယ်။ နိုင်ငံအသင်းနဲ့အတူကစားတဲ့ပွဲစဉ်တွေမှာ ပရိသတ်တွေဆီက ထွက်ပေါ်လာတဲ့ တစ်ခဲနက်အားပေးမှုတွေထက် ပိုကောင်းတဲ့အရာမရှိပါဘူး"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။