The network connection is lost.

Banner Image

ယူနိုက်တက်အသင်းက ထွက်ခွာတော့မယ့် လင်ဒီလော့ဖ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေရာသီမှာ ကစားသမားအင်အားကို ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်တော့မှာဖြစ်ပြီး ဆွီဒင်လက်ရွေးစင် ဗဟိုနောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတို့ရဲ့ သီတင်းပတ်အစောပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေအပြီးမှာ အခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး အသင်းမှာ (၈) နှစ်တာ ကစားခဲ့တဲ့ သူ့ရဲ့ခရီးစဉ်လည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ပေါင် ၃၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လင်ဒီလော့ဖ်ဟာ ပြိုင်ပွဲစုံ (၂၈၃) ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ရာသီအတော်များများမှာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ခံစစ်ပိုင်းမှာ ပြိုင်ဆိုင်မှုတွေမြင့်တက်လာတာတွေကြောင့် ပွဲကစားခွင့်နည်းပါးလာခဲ့ပါတယ်။ 

၂၀၂၄-၂၅ ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ပွဲထွက်ကစားခွင့်ကတော့ (၅) ပွဲသာရရှိခဲ့ပါတယ်။အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တဲ့ လင်ဒီလော့ဖ်ကို စပိန်နဲ့ အီတလီကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ လင်ဒီလော့ဖ်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့စဉ် ၂၀၂၄ ခုနှစ်မှာ FA ဖလားနဲ့ ၂၀၂၃ ခုနှစ်မှာ ကာရာဘောင်ဖလားတို့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ နဲ့ ၂၀၂၅ ခုနှစ်တွေက ယူရိုပါလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ရာသီကုန်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်တာကြောင့် လင်ဒီလော့ဖ်အနေနဲ့ အိုးထရက်ဖို့ဒ်ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဖွယ်ရှိပါတယ်။