ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရရှိခဲ့လို့ ယုံကြည်မှုတွေတိုးလာကြောင်း ဖွင့်ဟလာတဲ့ ကွန်ညာ
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာဟာ ပြီးခဲ့တဲ့စနေနေ့ ဘရိုက်တန်ကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ပြီးနောက် ယုံကြည်မှုတွေတိုးလာကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဝုဗ်မှ ယူနိုက်တက်သို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ကွန်ညာဟာ ယူနိုက်တက်ကစားသမားဘဝအစပိုင်းမှာ သွင်းဂိုးတွေရရှိဖို့ရုန်းကန်နေခဲ့ရတာကြောင့် မေးခွန်းထုတ်ဝေဖန်မှုတွေကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ ယခုအခါ ကစားသမားက ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ အသင်းအတွက်ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ ယုံကြည်မှုတွေပြန်လည်ရရှိလာခဲ့ပြီလို့ ပြောကြားလာခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်က "နောက်ဆုံးတော့ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ပါပြီ။ ဒီလိုသွင်းနိုင်ဖို့ ကျွန်တော်အများကြီးကြိုးစားခဲ့ရတာပါ။ ဒါကြောင့် အရမ်းပျော်ပါတယ်။ ကျွန်တော်အသင်းရဲ့တိုက်စစ်မှာ ဒီထက်ပိုပြီး ကူညီချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်ရခဲ့တဲ့အတွက်တော့ ကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရခြင်းက သူ့အတွက်ကြီးမားတဲ့သက်ရောက်မှုဖြစ်စေခဲ့သလားလို့မေးမြန်းခဲ့ရာ ကွန်ညာက "သေချာတာပေါ့။ တိုက်စစ်မှာကစားနေတဲ့ ကစားသမားတစ်ယောက်က ဂိုးသွင်းနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် အရေးကြီးတာက အသင်းရဲ့ဂိုးတွေမှာ ပါဝင်ပတ်သက်နိုင်ဖို့လည်းလိုပါတယ်။ ကျွန်တော့်ကြောင့် အသင်းဖော်အသင်းဖော်တွေဂိုးရရင် ကျွန်တော်ပျော်ပါတယ်။ အခု ကျွန်တော်ဂိုးသွင်းနိုင်ခဲ့တော့ အသင်းဖော်တွေက ချီးကျူးခဲ့ကြပြီး ဒါက ကျွန်တော့်အတွက် အများကြီးတွန်းအားဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား ကွန်ညာအနေနဲ့လည်း ဂိုးတွေဆက်လက်သွင်းယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။