The network connection is lost.

Banner Image

မူစီယာလာဒဏ်ရာရခဲ့လို့ အလွန်ဒေါသထွက်မိကြောင်း ပြောကြားလာတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ပီအက်စ်ဂျီကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ယာမယ်လ်မူစီယာလာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာ‌ကြောင့်အလွန်‌‌‌‌‌‌‌‌‌‌ဒေါသထွက်မိ ကြောင်း‌ပြောကြားလာခဲ့ပါတယ်။

မာစီးဒီးဘန့်ဇ်အားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အနေနဲ့ ရလဒ်ပိုင်းအရေးနိမ့်ခဲ့ရုံမက အဓိကကွင်းလယ်ကစားသမားပါ ဒဏ်ရာရခဲ့တာကြောင့် အတော်‌လေးဆုံးရှုံးမှုများခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ မူစီယာလာအနေနဲ့လည်း ပွဲမပြီးခင်မှာပဲ နီးစပ်ရာဆေးရုံကိုသွားပြီးဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ 
ဂျာမန်လက်ရွေးစင်ဟာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာနဲ့ထိခိုက်မိခဲ့တာဖြစ်ပြီး ဒဏ်ရာအတော်လေးပြင်းထန်ခဲ့ပုံပေါ်ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ မူစီယာလာနေရာမှာတော့ကွန်ပနီဟာ ဆာ့ဂျ်ဂျီနာဘရီနဲ့ လူစားလဲခဲ့ပါတယ်။ 

ပွဲအပြီးမှာ ကွန်ပနီက "ပထမပိုင်းအပြီးမှာ ကျွန်တော်အတော်လေးဒေါသထွက်မိခဲ့ပါတယ်။ ရလဒ်ပိုင်းကြောင့်မဟုတ်ပါဘူး။ ကျွန်တော်တို့ကစားသမား ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့လို့ပါ။ သူ ဒဏ်ရာပြဿနာကနေပြန်လာနိုင်တာမကြာ‌သေးပါဘူး။ ဒီလိုအချိန်မှာ ဒဏ်ရာပြန်ရသွားတော့သူအတော်‌လေးစိတ်အားငယ်သွားမှာပါ။ အခုချိန်အထိ ကျွန်တော့်သွေးတွေဆူနေတုန်းပါ။ ဒီလိုဒေါသထွက်‌နေတာ ရလဒ်နဲ့မဆိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မူစီယာလာရဲ့ဒဏ်ရာက အသင်းရဲ့ရာသီကြို ကြိုတင်ပြင်ဆင်မှုတွေအတွက် ထိခိုက်မှုဖြစ်စေ‌ကြောင်းကို ဘယ်လ်ဂျီယံသားနည်းပြက "သူ့ရဲ့ဒဏ်ရာက ကျွန်တော်တို့ရဲ့ နောက်ရာသီအတွက်ပြင်ဆင်မှုတွေမှာ သက်ရောက်မှုရှိစေပါလိမ့်မယ်။ဘောလုံးမှာ ကံကောင်းဖို့လည်းလိုပါတယ်။ ဒီနေ့မူစီယာလာရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူး။ ဘယ်အရာကိုမှ အရာရာတိုင်းက ကျွန်တော်တို့ထိန်းချုပ်မှအောက်မှာရှိနေမှာမဟုတ်ပါဘူး။ ဒါကစိတ်ပျက်စရာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပီအက်စ်ဂျီဟာ ကစားသမား ၂ ဦးအထိ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့် ဘိုင်ယန်မြူးနစ်ကို ၂-၀ နဲ့အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ပြိုင်ပွဲကိုနှုတ်ဆက်ပြီး အိမ်ပြန်ရပြီဖြစ်တာ ကြောင့် ၂၀၂၅-၂၆ ရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားရပါမယ်။