
ဘော်လွန်းဒီအော်ဆုရည်မှန်းချက်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘာစီလိုနာစတား
ဘာစီလိုနာကွင်းလယ်လူ ပီဒရီက ဘော်လွန်းဒီအော်ဆုရည်မှန်းချက်အကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီး စီးတီးကွင်းလယ်လူ ရိုဒရီတစ်ယောက် ပြီးခဲ့တဲ့နှစ်က ဆုရခဲ့တာကြောင့် သူ့အိပ်မက်က အမှန်တကယ်ဖြစ်လာနိုင်ချေရှိနေတာဖြစ်ပါတယ်။ နိုင်ငံအသင်းဖော် ရိုဒရီက ဘော်လွန်းဒီအော်ဆုရှင်ဖြစ်ခဲ့ပြီးနောက် ပီဒရီက အဆိုပါဆုကိုရယူနိုင်ဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ရိုဒရီ အဆိုပါဆုရပြီးကတည်းက ကွင်းလယ်လူတစ်ဦးအနေနဲ့လည်း ဘော်လွန်းဒီအော်ဆုရယူနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ သူအဲ့ဆုရတုန်းက ကျွန်တော် အရမ်းကျေနပ်မိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူမှာတကယ်ကောင်းတဲ့ရာသီတစ်ခုရှိခဲ့သလို နိုင်ငံအသင်းမှာ သူနဲ့အတူတွဲကစားရတာ အဆင်ပြေပါတယ်။ သူက ပွဲကိုသေချာထိန်းချုပ်နိုင်သလို ဘောလုံးပြန်လည်ဆယ်ယူတာ ၊ တိုက်စစ်လိုက်ပါတာ ၊ ဂိုးသွင်းတာလည်း လုပ်နိုင်ပါတယ်။
သူက ကွင်းရဲ့နေရာတိုင်းမှာရှိနေတတ်ပါတယ်။ ကျွန်တော် ဘော်လွန်းဒီအော်ဆုရယူနိုင်ဖို့ အမြဲတမ်းအိပ်မက်မက်နေတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ အသင်းအတွက် အာရုံစိုက်ရပါမယ်။ လက်ရှိကျွန်တော်တို့ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာရှိနေပါတယ်။ ဘောလုံးရာသီပြီးရင်တော့ ကျွန်တော်တို့ အဲ့အကြောင်းကို ပြန်လည်စတင်ပြောဆိုနိုင်ပါလိမ့်မယ်”လို့ ပီဒရီက ပြောကြားခဲ့ပါတယ်။
လက်ရှိရာသီမှာ ပီဒရီတစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတာဖြစ်ပြီး နည်းပြ ဖလစ်လက်အောက်မှာ နောက်တစ်ဆင့်တက်ချင်နေပါတယ်။ အချက်အလက်တွေအရ ပရိသတ်တွေဘက်က အသက် ၂၂ နှစ်သားဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ် ချီးကျူးနေကြပါတယ်။ ဘာစီလိုနာဟာ လက်ရှိရာသီမှာ ပြိုင်ပွဲ ၃ ရပ်စလုံးမှာ ထိန်းချုပ်ထားနိုင်ပြီး ကိုပါဒယ်ရေးဖလားကို ရယူထားနိုင်ခဲ့ကာ လက်ကျန်ဖလား ၂ လုံးအဖြစ် ချန်ပီယံလိဂ် နဲ့ လာလီဂါဖလားတွေကျန်နေသေးတာဖြစ်ပါတယ်။ မတ်လတုန်းက အင်တာဗျူးမှာ ပီဒရီရဲ့အသင်းဖော် ဂါဗီက ဘော်လွန်းဒီအော်ဆုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဘယ်သူမှ ပီဒရီလောက် အဆိုပါဆုနဲ့မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။