The network connection is lost.

Banner Image

၂၀၂၅ ဘောလွန်းဒီအော်ကို ဘယ်သူရမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ ပီကေး

ဘာစီလိုနာ ဂန္ထဝင်နောက်ခံလူ ဂျာရတ်ပီကေးက ၂၀၂၅ ဘောလွန်းဒီအော်ဆုကို လာမိုင်းယာမယ်လ်နဲ့ အူစမန်ဒမ်ဘီလီတို့အကြား ဘယ်ကစားသမားရမယ်ဆိုတာ ခန့်မှန်းပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၉ ကြိမ်၊ ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၃ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ဖူးတဲ့ ပီကေးဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပါတယ်။ 

စပိန်လက်ရွေးစင်နောက်ခံလူဟောင်း ဘာစီလိုနာခေတ်ကိုပုံဖော်ခဲ့တဲ့ နည်းပြ ပက်ဂွါဒီယိုလာရဲ့ အားထားရတဲ့ကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူစာရင်းမှာလည်း ပါဝင်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ပီကေးက ဘာစီလိုနာနည်းပြဟန်ဆီဖလစ်လက်အောက်မှာ ပိုမိုထွန်းတောက်လာခဲ့တဲ့ လူငယ်ပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်က ပီအက်စ်ဂျီကြယ်ပွင့် ဒမ်ဘီလီကိုကျော်ဖြတ်ပြီး ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးသွားမယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၅ ပွဲကစားပြီး သွင်းဂိုး ၁၈ ဂိုးအထိရရှိခဲ့ကာ စပိန်ပြည်တွင်းဆုဖလားအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Mundo Deportivo နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ပီကေးက “ကျွန်တော့်အနေနဲ့ ဒမ်ဘီလီနဲ့ရော၊ ယာမယ်လ်နဲ့ပါ အဝတ်လဲခန်းအတူတူအသုံးပြုခွင့်ရခဲ့ပါတယ်။ သူတို့ ၂ နှစ်ယောက်စလုံးက အရမ်းတော်တဲ့ကစားသမားတွေဖြစ်ပြီး သူတို့ကို ကျွန်တော်အရမ်းသဘောကျပါတယ်”

“ကျွန်တော်ကတော့ ဒီနှစ်ဘောလွန်းဒီအော်ကို ယာမယ်လ်ဆွတ်ခူးသွားမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ သူ့ကို ရစေချင်ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီရခဲ့ရင်လည်း ကျွန်တော်ဝမ်းသာမှာပါ” လို့ပြောကြားခဲ့ပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယာမယ်လ်ဟာ ၁၈ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဒမ်ဘီလီကတော့ ၃၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ကစားသမား ၂ ယောက်အကြား ဂိုးသွင်းနှုန်းဟာ အတော်လေးကွာဟနေတယ်လို့ဆိုရပါမယ်။ သို့သော်လည်း ဂိုးဖန်တီးမှုအပိုင်းမှာတော့ ယာမယ်လ်က ၂၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ဒမ်ဘီလီကတော့ ၁၃ ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဆုဖလားရရှိမှုအပိုင်းမှာတော့ ပြင်သစ်ပြည်တွင်းဆုဖလားအားလုံးရရှိထားခဲ့တဲ့ ဒမ်ဘီလီဟာ ချန်ပီယံလိဂ်ကိုပါရရှိထားတာကြောင့် ယာမယ်လ်ထက် အသာရနေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒမ်ဘီလီဟာ နောက်ထပ်ဆုဖလားတစ်လုံးထပ်မံရရှိဖို့ အခွင့်အရေးရှိနေပါသေးတယ်။