The network connection is lost.

Banner Image

အမေရိကန်အသင်း ဂိုးပြတ်နိုင်ခြင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းဖြစ်ဖို့ မျှော်လင့်နေ့တဲ့ ပိုချက်တီနို

အမေရိကန်အသင်းနည်းပြ ပိုချက်တီနိုက တနင်္ဂနွေနေ့ Gold Cup အဖွင့်ပွဲစဉ်မှာ ထရီနီဒက် တိုဘာဂိုကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူလိုက်တာဟာ လေးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ပြီးနောက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ သူ့အသင်းအတွက် အများကြီး အထောက်အကူပြုလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်နှစ် ကမ္ဘာ့ဖလား ကို ကနေဒါ ၊ မက္ကဆီကို တို့နဲ့ ပူးတွဲကျင်းပမယ့် အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆွစ်ဇာလန် နဲ့ ခြေစမ်းပွဲမှာ ၄-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ ခံခဲ့ရပေမဲ့ ကာလီဖိုးနီးယား မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ အုပ်စု D မှာ ထိပ်ဆုံးရောက်သွားခဲ့ပါတယ်။

အမေရိကန်အသင်းမှာ ခရစ်တီယန် ပူလီဆစ်၊ အန်တိုနီ ရော်ဘင်ဆန်၊ ဝက်စ်တွန် မက်ကင်နီ နဲ့ ယူနပ်စ် မူဆာ တို့လို ထိပ်တန်းကစားသမားတချို့ မပါဝင်ခဲ့ပါဘူး။ သူတို့ဟာ ပြိုင်ပွဲကို မကစားဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဒီထင်ရှားတဲ့ ကစားသမားတွေ မပါဝင်တာကြောင့် အမေရိကန် ကစားသမားဟောင်းတွေဖြစ်တဲ့ လန်ဒန် ဒိုနိုဗန် နဲ့ အလက်စီ လာလက်စ် တို့ဆီက ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပိုချက်တီနိုက Gold Cup ကို ကောင်းမွန်တဲ့ ခံစားချက် နဲ့ စတင်နိုင်တာဟာ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ "ဒီနေ့ပွဲကလည်း ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ အထူးသဖြင့် မကြာသေးခင်ရက်သတ္တပတ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့အရာတွေကြောင့်ပါ" လို့ ESPN က သူ့ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

"ရလဒ်တချို့ မကောင်းခဲ့တာက အမြဲတမ်း ဆူညံသံတချို့ကို ဖြစ်စေပါတယ်။ ကစားသမားတွေအတွက် အဲဒီလို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်" လို့ နည်းပြက ပြောပါတယ်။ ကမ္ဘာ့ဖလား နီးလာတာနဲ့အမျှ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုက Gold Cup ဟာ ကစားသမားတွေအတွက် လာမယ့်နှစ် အသင်းလူစာရင်းမှာ နေရာရဖို့ သူတို့ရဲ့ ခြေစွမ်းကို ပြသဖို့ အခွင့်အရေး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါဟာ ကစားသမားတွေ ခြေစွမ်းပြနိုင်ဖို့ ကူညီပေးပြီး တံခါးကို ခေါက်ပြီး ‘ကျွန်တော်တို့ လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနိုင်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ပါတယ်’ လို့ ပြောနိုင်ဖို့ပါ"

“ဒါက ကျွန်တော် မျှော်လင့်တာပါ။ အနိုင်ရတာရယ်၊ ကစားသမားတွေဟာ ကမ္ဘာ့ဖလားမှာ နေရာတစ်ခုအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရနေတယ်ဆိုတာ တကယ် ယုံကြည်တာပါ" လို့ သူက ထပ်ပြောပါတယ်။

အမေရိကန်အသင်းဟာ ဆော်ဒီအာရေးဗျ ၊ ဟေတီ နဲ့ ထရီနီဒက် တိုဘာဂိုတို့ကို ကျော်ဖြတ်ပြီး အုပ်စု D မှာ ထိပ်ဆုံးရောက်နေပါတယ်။ သူတို့ဟာ နောက်ထပ်ပွဲစဉ်အဖြစ် ဟေတီကို ၁-၀ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီအသင်းနဲ့ ကြာသပတေးနေ့ တက္ကဆက်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Gold Cup ဟာ ဇူလိုင် ၆ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။