
ဒန်နီရယ်လီဗိုင်း နုတ်ထွက်သွားခြင်းအပေါ် တုံ့ပြန်မှတ်ချက်ပေးခဲ့တဲ့ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနို
ဥက္ကဋ္ဌဒန်နီရယ်လီဗိုင်းရဲ့ ရုတ်တရက်နုတ်ထွက်သွားမှုအပေါ် အနည်းငယ် အံ့အားသင့်ခဲ့ရတယ်လို့ တော့တင်ဟမ်နည်းပြဟောင်းပိုချက်တီနိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကြာသပတေးနေ့သတင်းတွေအရ အသက်-၆၃ နှစ်အရွယ်လီဗိုင်းက တော့တင်ဟမ်ဥက္ကဋ္ဌအဖြစ် ၂၄ နှစ်ကြာ တာဝန်ယူထားမှုကို ရပ်တန့်ပြီး ရာထူးမှနုတ်ထွက်သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ The Athletic သတင်းဌာနရဲ့အဆိုအရ ပရိသတ်တွေ မငြိမ်မသက်ဖြစ်နေချိန် ကလပ်အသင်းရဲ့ရှယ်ယာအများစုကိုပိုင်ဆိုင်ထားတဲ့ လီဝစ်မိသားစုက လီဗိုင်းကို ရာထူးမှဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်လန်ဒန်ကလပ်မှာ လေးနှစ်ခွဲကြာတာဝန်ယူခဲ့ဖူးတဲ့ ပိုချက်တီနိုကတော့ ဒီဆုံးဖြတ်ချက်ကို ကြားသိလိုက်ရချိန်မှာ ရှော့ခ်ရသွားခဲ့တယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရင်ဆိုင်ရမယ့် စနေနေ့ခြေစမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပိုချက်တီနိုက “ မှန်ပါတယ်၊ ကျွန်တော်လည်း လီဗိုင်းနဲ့ပတ်သက်တဲ့သတင်းတွေ ကြားခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့ဖူးလို့ အနည်းငယ်တော့ အံ့အားသင့်ခဲ့ပါတယ်။ အဲ့ဒီမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး။
အမှန်ပါပဲ၊ ကျွန်တော်လည်း သူနဲ့ သူ့ရဲ့မိတ်ဆွေတွေဆီ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ပါတယ်။ အခုထိတော့ အဖြေမရရှိသေးပါဘူး။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော် မသိပါဘူး။ ကျွန်တော်ပြောနိုင်တဲ့အရာတစ်ခုက လီဗိုင်းနဲ့ သူ့ရဲ့မိသားစုအတွက် ကျွန်တော်ဆုတောင်းပေးနေတယ်ဆိုတာပါပဲ။ အမှန်ပါပဲ၊ လီဗိုင်းအကြောင်း သိကြသူတွေလိုပဲ ကျွန်တော်လည်း ရှော့ခ်ရခဲ့ပါတယ်”လို့ ပြောပါတယ်။