
မြောက်လန်ဒန်ကလပ်မှာ ၂၄ နှစ်ကြာတည်ရှိမှုကို ရပ်ဆိုင်းပြီး အဆုံးတိုင်လမ်းခွဲခဲ့တဲ့ လီဗိုင်း
တော့တင်ဟမ်ဥက္ကဋ္ဌလီဗိုင်းက မြောက်လန်ဒန်ကလပ်ကို ၂၄ နှစ်ကြာဦးဆောင်ပြီးနောက် အခုအချိန်မှာတော့ ရာထူးမှနုတ်ထွက်သွားပါပြီ။ လီဗိုင်းရဲ့ဦးဆောင်မှုအောက်မှာ တော့တင်ဟမ်က လွန်ခဲ့တဲ့ဆယ်စုနှစ်,နှစ်ခုတာကာလအတွင်း ဥရောပအဆင့်ပြိုင်ပွဲတွေကို ၁၈ ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုခံရတဲ့ ဘောလုံးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကလပ်အသင်းက ကမ္ဘာ့အဆင့်မီဘောလုံးကွင်းကြီးတစ်ခု၊ ခေတ်မီဆန်းသစ်တဲ့လေ့ကျင့်ရေးစင်တာ၊ ထိပ်တန်းကြယ်ပွင့်တွေကို ဆက်လက်မွေးထုတ်ပေးနိုင်တဲ့ ဘောလုံးအကယ်ဒမီတစ်ခုအပါအဝင် အခြေခံအဆောက်အအုံပိုင်းမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်က မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ကာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ယူရိုပါလိဂ်ချန်ပီယံဆုဖလားရယူပြီး ၁၇ နှစ်ကြာဖလားလက်မဲ့ဘဝကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
လီဗိုင်းက “ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေအားလုံးအပြင် အမှုဆောင်အဖွဲ့တစ်ခုလုံးနဲ့အတူ ကျွန်တော်လုပ်နိုင်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့က ဒီကလပ်အသင်းကို အမြင့်ဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာဟဲဗီးဝိတ်အဆင့်အထိ တည်ဆောက်ထားခဲ့ပါတယ်။ ဒီထက်ပိုပြီးပြောရရင် ကျွန်တော်တို့က အသိုက်အဝန်းတစ်ခုကို တည်ဆောက်ခဲ့တာပါ။ ဒီနှစ်တွေအတွင်း ကျွန်တော်က အားကစားကဏ္ဍမှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်အချို့နဲ့ လက်တွဲလုပ်ကိုင်ခဲ့ရလို့ အတော်လေးကံကောင်းခဲ့ပါတယ်။
ဒါ့အပြင် ကျွန်တော့်အပေါ် စဉ်ဆက်မပြတ်အားပေးထောက်ခံပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ လွယ်ကူချောမွေ့တဲ့ခရီးစဉ်တစ်ခုမဟုတ်ပေမယ့် သိသာထင်ရှားတဲ့တိုးတက်မှု ကိုတော့ ပြသနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီကလပ်အသင်းကို ကျွန်တော် အမြဲမပြတ်အားပေးထောက်ခံသွားပါမယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်အသင်းရဲ့ Non-Executive Chairman ဖြစ်လာတဲ့ ပီတာချာရင်တန်က “ ထူးကဲလှတဲ့ ဒီကလပ်အသင်းရဲ့ Non-Executive Chairman ဖြစ်လာလို့ ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ ဘုတ်အဖွဲ့ကိုယ်စား ကျွန်တော်က နှစ်ပေါင်းများစွာ ကလပ်အသင်းအပေါ် သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့တဲ့ ဒန်နီရယ်လီဗိုင်းနဲ့ သူ့ရဲ့မိသားစုကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
ဒါက ကလပ်အသင်းရဲ့ကွင်းတွင်းကွင်းပြင်ကိစ္စရပ်တွေအတွက် ဦးဆောင်မှုအခန်းကဏ္ဍသစ်တစ်ခု ဖြစ်ပါတယ်။ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ထားပြီးဖြစ်လို့ လာမယ့်လတွေအတွင်း အပြောင်းအလဲတွေ အများကြီးဖြစ်ပေါ်လာပါလိမ့်မယ်။ အခုတော့ ကလပ်အသင်းအတွင်းမှာ တည်ငြိမ်မှုရှိနေစေဖို့ ဗီနိုင်းဦးဆောင်တဲ့ အမှုဆောင်အဖွဲ့နဲ့အတူ အရည်အချင်းပြည့်ဝသူတွေကို စွမ်းအင်ဖြည့်တင်းပေးရေး အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။
စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ရှိလာပြီးနောက် တော့တင်ဟမ်က ကွင်းတွင်းရလဒ်ပိုင်း တည်ငြိမ်ကောင်းမွန်နေစေရေး အာရုံစိုက်လာပါလိမ့်မယ်။ သူတို့တွေက နိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာ ၁၃ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။